ပြစ်ဒဏ်ချမှတ်မှု အတည်ပြုပါက မန်စီးတီးကို အတင်းအကျပ်ရောင်းချသွားဖို့ ဖိအားပေးရန် အကြွင်းမဲ့အာဏာ ပိုင်ဆိုင်ထားတယ်လို့ စည်းမျဉ်းထိန်းသိမ်းရေးအကြီးအကဲ ပြောဆို
အသစ်ဖွဲ့စည်းထားတဲ့ ဘောလုံးလောကစောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့အစည်း အကြီးအကဲရဲ့ ပြောကြားချက်အရ အသင်းအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ဆက်လက်အတည်ပြုမယ်ဆိုရင် မန်စီးတီးအသင်းပိုင်ရှင်တွေကိုယ်တိုင် အသင်းကို အတင်းအကျပ်လက်လွှတ်ပေးလိုက်ရဖွယ် ရှိတယ်လို့ သိပါတယ်။
လွတ်လပ်သော ဘောလုံးစည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့(IFR) ဥက္ကဋ္ဌ ဒေးဗစ်ကိုဂန်က မန်စီးတီးအနေဖြင့် ကလပ်အသင်းကို မလျော်ကန်တဲ့ နည်းလမ်းနဲ့ ဦးစီးလည်ပတ်ခဲ့တယ်လို့ နောက်ဆုံးမှာ စစ်ဆေးတွေ့ရှိမယ်ဆိုရင် အသင်းကို ရောင်းချခိုင်းဖို့အတွက် ဒီအဖွဲ့မှာ အကြွင်းမဲ့အာဏာ ရှိလာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
လွတ်လပ်တဲ့ ကော်မရှင်တစ်ခုက မန်စီးတီးကို ပရီးမီးယားလိဂ်စည်းမျဉ်းတွေ ရှောင်လွှဲဖောက်ဖျက်ခဲ့တယ်ဆိုပြီး အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက် ကိုဂန်ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
ကိုးနှစ်ကြာကာလတလျှောက်လုံး ဝင်ငွေတွေကို တိုးမြှင့်ပြသဖို့ သို့မဟုတ် ကုန်ကျစရိတ်တွေကို လျှော့ချပြဖို့အတွက် ပေါင် သန်း ၉၀၀ ကျော်တန်ဖိုးရှိတဲ့ စီးပွားရေးဆိုင်ရာ "ဟန်ပြ" သဘောတူညီချက်တွေကို မန်စီးတီးအသင်း ဖန်တီးခဲ့တယ်လို့ ကော်မရှင်ရဲ့ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီအစီအစဉ်တွေအပေါ် ပရီးမီးယားလိဂ်ရဲ့စုံစမ်းစစ်ဆေးမှုတွေကို "ရပ်တန့်သွားစေဖို့နဲ့ နှောင့်နှေးကြန့်ကြာစေဖို့" အတွက် မန်စီးတီးရဲ့ "ရည်ရွယ်ချက်ရှိရှိ ဝိုင်းဝန်းအားထုတ်မှုတွေ" ရှိခဲ့တယ်ဆိုတာကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ကလပ်အသင်းကတော့ ကော်မရှင်ရဲ့ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ထားပါတယ်။
သူ့ရဲ့အဖွဲ့အစည်းဘက်က ဘယ်လိုပုံစံမျိုး အရေးယူဆောင်ရွက်မလဲဆိုတာကို ပြောဆိုဖို့ အချိန်စောလွန်းသေးတယ်လို့ The Rest Is Football Podcast မှာ ကိုဂန်က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ သင့်လျော်တယ်လို့ ယူဆမယ်ဆိုရင် ကလပ်အသင်းပိုင်ရှင်မန်ဆာကိုယ်တိုင် အသင်းကို ရောင်းချသွားစေဖို့အတွက် ဖိအားပေးနိုင်တဲ့ အာဏာ IFR မှာရှိတယ်လို့ ကိုဂန်က အတည်ပြုခဲ့ပါတယ်။
ကိုဂန်က "ပိုင်ရှင်တစ်ဦးကိုယ်တိုင် ကလပ်အသင်းကို သင့်လျော်မှုမရှိတဲ့၊ တရားမျှတမှုမရှိတဲ့ သို့မဟုတ် သိက္ခာမဲ့တဲ့ ပုံစံမျိုးနဲ့ ဦးစီးလည်ပတ်နေတယ်လို့ ကျွန်တော်တို့ ယူဆရင် အဲဒီပိုင်ရှင်ကို ကလပ်အသင်းမှ နုတ်ထွက်သွားစေဖို့ တောင်းဆိုနိုင်တဲ့ အာဏာ ကျွန်တော်တို့ဆီမှာ ရှိပါတယ်" လို့ ပြောပါတယ်။
အသင်းကိုရောင်းချဖို့အတွက် ပိုင်ရှင်ဘက်မှ ငြင်းဆန်လာနိုင်သလားဆိုတဲ့ မေးခွန်းကိုတော့ ကိုဂန်က "မရပါဘူး၊ လုံးဝ မရပါဘူး။ အဲဒီလိုလုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ဆီမှာ အကြွင်းမဲ့အာဏာ ရှိပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
မန်စီးတီးကို IFR ဘက်မှ စုံစမ်းစစ်ဆေးမှု ပြုလုပ်လာနိုင်ခြေနဲ့ ပတ်သက်ပြီး ကိုဂန်က "ဒီမေးခွန်းတွေအားလုံးအတွက် အဖြေကို မတွေ့ရသေးသရွေ့တော့ ဒီကိစ္စအပေါ် ဘယ်လိုဆုံးဖြတ်ချက်မျိုးမှ ကြိုတင်ချမှတ်ဖို့ ဖိအားပေးခံမှာ မဟုတ်ပါဘူး။ အဲဒီနောက်မှပဲ ကျွန်တော်တို့ ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှု ပြုလုပ်မလား၊ အဲဒီအပေါ်မှာ ဘယ်လိုနိဂုံးချုပ် ဆုံးဖြတ်မလဲနဲ့ ကျွန်တော်တို့ ဘာလုပ်ကြမလဲဆိုတာကို ဆုံးဖြတ်ရပါမယ်။ အဲဒါကို ကြိုတင်ဆုံးဖြတ်လိုက်မယ်ဆိုရင် အမှားကြီးတစ်ခု ဖြစ်သွားပါလိမ့်မယ်" လို့ ပြောပါတယ်။
မန်စီးတီးအပေါ် IFR ကိုယ်တိုင် စုံစမ်းစစ်ဆေးမှု ပြုလုပ်လာချိန် နိုင်ငံရေးအရ ကြားဝင်စွက်ဖက်မှုတစ်ခုခု ရှိလာရင် ရာထူးမှ နုတ်ထွက်သွားမယ်လို့ ကိုဂန်က ကတိပြုထားပါတယ်။
လတ်တလောမှာ မန်စီးတီးအမှုကိစ္စက ဗြိတိန်နဲ့ ယူအေအီးနိုင်ငံတို့အကြား သံတမန်ရေးရာ ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
မန်စီးတီးက အခုဘောလုံးရာသီအဖွင့် ပရီးမီးယားလိဂ် ၇ ပွဲဆက်အနိုင်ရရှိပြီး လက်ရှိချန်ပီယံအာဆင်နယ်ထက် သုံးမှတ်အသာရကာ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။