The network connection is lost.

Banner Image

နယူးကာဆယ်ကို အနိုင်ယူပြီးနောက် အက်စတွန်ဗီလာအတွက် အလွန်အရေးပါတဲ့ နိုင်ပွဲလို့ ချီးကျူးပြောဆိုလိုက်တဲ့ အူနိုင်းအမ်မရီ

အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက နယူးကာဆယ်ကို အနိုင်ရရှိခဲ့တဲ့ စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်ကို သူ့ရဲ့အသင်းအတွက် အလွန်အရေးပါတဲ့နိုင်ပွဲတစ်ခုဖြစ်တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။

အခုစိန့်ဂျိမ်းစ်ပတ်ခ်ကွင်းပွဲစဉ်မှာ အက်စတွန်ဗီလာက ဂျိုဟန်မန်ဇမ်ဘီရဲ့ ပထမပိုင်းသွင်းဂိုးနဲ့အတူ အဝေးကွင်းအဖိုးတန်သုံးမှတ်ကို အရယူနိုင်ခဲ့ပါတယ်။

ရာသီသစ်အစပိုင်းမှာ ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်ခဲ့ပေမဲ့ အခုတော့ အက်စတွန်ဗီလာက ပြိုင်ပွဲစုံနောက်ဆုံးငါးပွဲမှာ လေးပွဲအထိ အနိုင်ရရှိပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၂ နေရာအထိ တက်လှမ်းလာပါတယ်။

ပွဲစဉ်အပြီး BBC Match of the Day အစီအစဉ်နဲ့ တွေ့ဆုံချိန် အမ်မရီက သူ့အသင်းအနိုင်ရရှိမှုအပေါ် ချီးကျူးစကားဆိုခဲ့ပါတယ်။


စပိန်လူမျိုးနည်းပြက "အရမ်းခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်သလို ကျွန်တော်တို့အတွက်လည်း အလွန်အရေးပါပါတယ်။ ရာသီအစခြေစွမ်းပိုင်း လိုအပ်ချက်တွေ ရှိခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ရဲ့အသင်းတည်ဆောက်မှုအပေါ်မှာ ယုံကြည်မှုအပြည့်ရှိဖို့၊ စိတ်သက်သောင့်သက်သာဖြစ်ဖို့ ပြန်ကြိုးစားသွားရပါလိမ့်မယ်" လို့ ပြောပါတယ်။

"ကစားသမားတွေကိုယ်တိုင်လည်း လက်ရှိအခြေအနေကို ပြောင်းလဲဖို့အတွက် တစ်ဦးနဲ့တစ်ဦး အကောင်းဆုံးတောင်းဆိုတွန်းအားပေးခဲ့ကြပါတယ်။ တော့တင်ဟမ်ဆီမှ သုံးမှတ် ရယူနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်၊ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ သရေကျခဲ့လို့ ဒီနေ့နိုင်ပွဲက အလွန်အရေးကြီးပါတယ်"

"အရင်အစည်းအဝေးတွေမှာလည်း ဒီပွဲစဉ်ကို ကျွန်တော်တို့ အထူးအာရုံစိုက်ခဲ့ကြပါတယ်။ ချန်ပီယံလိဂ်ပွဲစဉ်အတွက် ကျေနပ်မိတာမှန်ပေမဲ့ ပရီးမီးယားလိဂ်က ပိုပြီးဦးစားပေးဖြစ်ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ လိဂ်ပြိုင်ပွဲမှတဆင့်သာ ဒီနှစ်အတွက် ကျွန်တော်တို့ဦးစားပေးပန်းတိုင်တွေကို ရယူနိုင်ဖို့ ရှိနေလို့ပါ။ ဒါကြောင့် လိဂ်မှာ ကျွန်တော်တို့ရဲ့ခြေစွမ်းပိုင်း အစွမ်းကုန်တည်ငြိမ်နေအောင် ကြိုးစားသွားရပါမယ်"

"ဗုဒ္ဓဟူးနေ့မှာလည်း Clean sheet ရရှိအောင် ကစားနိုင်ခဲ့သလို ဒီနေ့မှာလည်း ပေးဂိုးမရှိခဲ့ပါဘူး။ ဒါက ကျွန်တော်တို့ အမြဲပြောဆိုနေပြီး တိုးတက်ချင်နေတဲ့ အချက်တစ်ခုပါ" လို့ ဆက်လက်ပြောဆိုပါတယ်။

အနိုင်ဂိုးရှင်မန်ဇမ်ဘီနဲ့ ပတ်သက်လို့လည်း အမ်မရီက "သူ့မှာ အရည်အသွေးရော၊ ဉာဏ်ပညာပါ ရှိပြီး သူ့ရဲ့ကြံ့ခိုင်မှုကလည်း ခံစစ်ပိုင်းအတွက်ရော၊ တိုက်စစ်ပိုင်း အပြိုင်အဆိုင် ယှဉ်ပြိုင်ကစားရချိန်မှာပါ ကျွန်တော်တို့အတွက် အလွန်အထောက်အကူ ဖြစ်စေပါတယ်။ ဒါ အလွန်အရေးပါပါတယ်"

"အရမ်းဝမ်းသာမိပါတယ်။ သူက နောက်ထပ်တစ်ဂိုး ထပ်သွင်းယူနိုင်ခဲ့တာမို့ သူ့အတွက်လည်း အလွန်ကောင်းပါတယ်။ ပြီးတော့ သူ နည်းနည်းပင်ပန်းနေပုံရသလို ကြွက်သားပိုင်းဆိုင်ရာ ဒဏ်ရာတစ်ခုခု ဖြစ်သွားတာလားတော့ မသိပါဘူး။ အရမ်းကြီးမဆိုးရွားဖို့ပဲ မျှော်လင့်ပါတယ်"

"သူ့ရဲ့အရည်အသွေးတွေအပြင် လွန်ခဲ့တဲ့သုံးလေးနှစ်အတွင်း ပရီးမီးယားလိဂ်ထိပ်တန်းအဆင့်တွေနဲ့ ဥရောပပြိုင်ပွဲတွေမှာ တည်တည်ငြိမ်ငြိမ်ကစားခဲ့တဲ့ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုတွေ၊ စွမ်းဆောင်ရည်တွေဆီ ပူးပေါင်းချင်တဲ့ သူ့ရဲ့ဆန္ဒက အသင်းအတွက် အလွန်ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိစေပါတယ်" လို့ မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။