The network connection is lost.

Banner Image

အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့ပြီးနောက် နယူးကာဆယ်ကစားသမားတွေဆီ တောင်းဆိုမှုတစ်ခု ပြုလုပ်လိုက်တဲ့ ဂျေဆဲလ်

အက်စတွန်ဗီလာကို အရေးနိမ့်ခဲ့တဲ့ စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး နယူးကာဆယ်နည်းပြဂျေဆဲလ်က သူ့ရဲ့အသင်းအတွက် တိုးတက်ဖို့လိုအပ်တဲ့ကဏ္ဍတွေ ရှိနေသေးတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ယခင်အပြောင်းအရွှေ့ပစ်မှတ်ဟောင်းဖြစ်သူ မန်ဇမ်ဘီရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့အတူ အက်စတွန်ဗီလာကို နယူးကာဆယ်က ရှုံးနိမ့်ခဲ့ပြီး စိတ်ပျက်စရာရာသီသစ်စတင်နေမှုကို အဆုံးမသတ်နိုင်ခဲ့ပါဘူး။

ပထမပိုင်းပွဲချိန်အပြီးမှာရော၊ ပွဲပြီးချိန်မှာပါ ပရိသတ်တွေရဲ့လှောင်ပြောင်အော်ဟစ်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဂျေဆဲလ်ရဲ့အသင်းက အမှတ်ပေးဇယားအဆင့်-၁၁ နေရာအထိ ရောက်ရှိနေပါတယ်။

ပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် ဂျေဆဲလ်က သူ့ရဲ့အသင်းအတွက် အခုပွဲစဉ်မှ ဒီထက်ပိုမိုကောင်းမွန်တဲ့အရာနဲ့ ထိုက်တန်ခဲ့တယ်လို့ သုံးသပ်ခဲ့သလို တချိန်တည်းမှာပဲ အသင်းအတွက် ပိုမိုတိုးတက်လာဖို့လည်း လိုအပ်နေသေးတယ်လို့ ဝန်ခံခဲ့ပါတယ်။

"တကယ်တော့ ဒါက ကျွန်တော်တို့လွှမ်းမိုးထားနိုင်ခဲ့တဲ့ ပွဲစဉ်တစ်ခုဖြစ်ပြီး ဂိုးပေးလိုက်ရတဲ့အချိန်အထိ ကျွန်တော်တို့ ဒီပွဲစဉ်ကို အနိုင်ရရှိတော့မယ်ဆိုတာကို တွေ့မြင်နိုင်တဲ့ အခြေအနေတွေကို ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ပါတယ်" လို့ သူက ပြောပါတယ်။

"ရိုးရိုးသားသားဝန်ခံရရင် ပထမပိုင်းပြီးဆုံးချိန်အထိ ကျွန်တော်တို့ အနည်းငယ်တုန်လှုပ်နေခဲ့ပေမဲ့ ကောင်းမွန်တဲ့တုံ့ပြန်မှုကို နောက်တစ်ကြိမ်ပြသနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တလျှောက်လုံး ကျွန်တော်တို့ရဲ့ကစားသမားတွေက အပြင်းအထန်အင်တိုက်အားတိုက် ကစားနိုင်ခဲ့ကြပါတယ်။ ဘောလုံးယှဉ်လုမှုတွေမှာ အနိုင်ရခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ဘဲ ပြိုင်ဘက်ရဲ့ဂိုးဧရိယာအတွင်းမှာ ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ချမှတ်မှုတွေက လုံလောက်တဲ့ ပါးနပ်မှုမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့် ဒါကို ကျွန်တော်တို့ ဆက်လက်တိုးတက်လာအောင် လုပ်ဆောင်သွားရပါမယ်"

"တိုက်စစ်အဆုံးသတ်ပိုင်းအတွက် ဘောလုံးရရှိထားချိန်တွေမှာ ပြိုင်ဘက်ကို အခုထက်ပိုပြီး အများကြီး ခြိမ်းခြောက်နိုင်ရပါမယ်။ ကျွန်တော်တို့အတွက် အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ အဆုံးသတ်မှာတော့ အဆုံးအဖြတ်အနိုင်ဂိုး ပျောက်ဆုံးနေခဲ့ပါတယ်" လို့ ဆိုပါတယ်။

ခံစစ်ပိုင်းတိုးတက်ရေးနဲ့ ပတ်သက်လို့ ဂျေဆဲလ်က "ကဏ္ဍနှစ်ခုစလုံးမှာ လိုအပ်တယ်လို့ ထင်ပါတယ်၊ ဟုတ်တယ်မလား? ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့လို့ပါ။ ခံစစ်ပိုင်းအရတော့ စုဖွဲ့ပုံနဲ့ စည်းကမ်းပိုင်း ကောင်းမွန်ခဲ့တယ်လို့ ထင်ပေမဲ့ အချိန်တိုင်း မဖြစ်နေခဲ့ပါဘူး။ ပရီးမီးယားလိဂ်မှာ အင်အားကြီးပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန် အခွင့်အရေးတစ်ကြိမ်နဲ့တင် ဂိုးပေးလိုက်ရဖို့ လုံလောက်နေပြီး အဲဒီဂိုးက အရမ်းလွယ်လွယ်ကူကူ ဖြစ်သွားခဲ့ပါတယ်။ ဂိုးဧရိယာထဲမှာ လူမကပ်မိလိုက်ဘူး။ ကျွန်တော်တို့ဘက်က ဖြတ်တင်ဘောတွေအပေါ် ဖိအားပေးနိုင်ရပါမယ်။ နောက်တစ်ကြိမ် ထပ်ပြောရရင် တိုက်စစ်ပိုင်းမှာလည်း ကျွန်တော်တို့အတွက် ပိုပြီးထိရောက်မှုရှိဖို့ လိုပါတယ်" လို့ ဆိုပါတယ်။