The network connection is lost.

Banner Image

မန်ချက်စတာမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ချိန် မန်စီးတီးဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့ဖူးတဲ့ လက်ရှိဗြိတိန်ဝန်ကြီးချုပ်

ဗြိတိန်ဝန်ကြီးချုပ်အန်ဒီဘန်နမ်က မန်ချက်စတာမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ချိန်၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရင်းနှီးမြှုပ်နှံမှုထိပ်သီးညီလာခံတစ်ခုမှာ မန်စီးတီးဥက္ကဋ္ဌ ခါလ်ဒွန်အယ်လ်မူဘာရက်ခ်နဲ့ တွေ့ဆုံခဲ့ဖူးတယ်လို့ မဟာမန်ချက်စတာပူးပေါင်းအာဏာပိုင်အဖွဲ့(GMCA)အဖွဲ့ရဲ့ တနင်္လာနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အင်္ဂလန်ထိပ်တန်းလိဂ်ချန်ပီယံဆုကို ၁၀ ကြိမ်တိုင် ဆွတ်ခူးရရှိထားတဲ့ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေအတွက် အပြစ်ရှိတယ်လို့ စီရင်ခံထားရပါတယ်။ ဒီနောက်မှာတော့ မန်စီးတီးပိုင်ရှင်တွေသာ ကလပ်အသင်းကို ရောင်းထုတ်လိုက်မယ်ဆိုရင် "တကယ်ပဲ စိုးရိမ်မိလိမ့်မယ်" ဆိုတဲ့ ဘန်နမ်ရဲ့ပြောစကား ထွက်ပေါ်လာခဲ့ပါတယ်။

ဒါက ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ မန်ချက်စတာမြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့တဲ့ ဘန်နမ်ရဲ့ မန်စီးတီးထိပ်ပိုင်းခေါင်းဆောင်တွေအပေါ် ထောက်ခံပြောဆိုတဲ့ပုံစံမျိုး ဖြစ်နေလို့ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ဒေါင်းနင်းလမ်း(ဗြိတိန်အစိုးရ)က "စည်းမျဉ်းတွေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရဘူး" လို့ အခိုင်အမာပြောကြားရင်း ဝန်ကြီးချုပ်ရဲ့စကားကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ပူးပေါင်းပြီး မန်ချက်စတာမြို့မှာ ရင်းနှီးမြှုပ်နှံမှုကြီးကြီးမားမားဖော်ဆောင်ခဲ့တဲ့ မန်စီးတီးပိုင်ရှင်တွေနဲ့ ဘန်နမ်ရဲ့ဆက်ဆံရေးအပေါ် ရှင်းလင်းချက်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေခဲ့ပါတယ်။

မန်စီးတီးကို ယူအေအီးတော်ဝင်မိသားစုဝင်ရှိတ်ခ်မန်ဆွာဘင်ဇာယက်အယ်လ်-နာယန် ထိန်းချုပ်ထားတဲ့ အဘူဒါဘီယူနိုက်တက်ဂရု(Abu Dhabi United Group - ADUG) က ပိုင်ဆိုင်ထားပါတယ်။

မဟာမန်ချက်စတာပူးပေါင်းအာဏာပိုင်အဖွဲ့(GMCA) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၊ နိုင်ငံတကာကုန်သွယ်မှုဌာနမှစီစဉ်တဲ့ ဗြိတိန်အစိုးရရဲ့ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးညီလာခံမှာ အန်ဒီဘန်နမ်က မဟာမန်ချက်စတာမြို့တော်ဝန်တာဝန်ဖြင့် ခါလ်ဒွန်အယ်လ်မူဘာရက်ခ်နဲ့ တရားဝင်တွေ့ဆုံခဲ့ပါတယ်"

"မြို့တော်ဝန်တာဝန်အရ သူက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာ ပြုလုပ်တဲ့ ဗင်းဆင့်ကွန်ပနီဂုဏ်ပြုပွဲအပါအဝင် မန်စီးတီးရဲ့အိမ်ကွင်းပွဲစဉ်အချို့ကို ဧည့်သည်အဖြစ် တက်ရောက်ခဲ့ဖူးပြီး ပွဲကြည့်စင်ပေါ်မှာ ဥက္ကဋ္ဌနဲ့ သာမန်အတိုင်း တွေ့ဆုံခဲ့ပါတယ်။ ဒီအချက်တွေကိုလည်း ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း တရားဝင်ထုတ်ဖော်ကြေညာထားပြီးသားပါ" လို့ ပြောပါတယ်။

GMCA ရဲ့ထုတ်ပြန်ချက်အရ ဘန်နမ်က မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ချိန်အတွင်း မန်ချက်စတာအခြေစိုက်အားကစားကလပ်အသင်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့အတူ နိုင်ငံတကာခရီးစဉ်တွေမှာ စီးပွားရေးကိုယ်စားလှယ်အဖွဲ့အဖြစ် ပုံမှန်ပါဝင်လေ့ရှိတယ်လို့ သိရပါတယ်။

"ဒီအထဲမှာ အော်စတင်နဲ့ ဒဗ္ဗလင်မြို့တွေဆီ သွားရောက်တဲ့ ခရီးစဉ်အတွက် မန်ချက်စတာယူနိုက်တက်ကိုယ်စားလှယ်တွေ ပါဝင်တာ၊ အိန္ဒိယဆီ သွားရောက်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ လန်ကတ်ရှိုင်းယားခရစ်ကတ်ကလပ်အသင်း ပါဝင်တာနဲ့ တရုတ်နဲ့ ဂျပန်ခရီးစဉ်တွေမှာ မန်စီးတီးဝန်ထမ်းတွေ ကူညီပံ့ပိုးပေးတာတွေ ပါဝင်ခဲ့ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အကြား ကိုးရာသီကြာကာလအတွင်း ဝင်ငွေတွေကို ဖောင်းပွစေဖို့နဲ့ ကုန်ကျစရိတ်တွေကို လျှော့ချပြသနိုင်ဖို့အတွက် ဟန်ပြစာချုပ်တွေကို စီစဉ်ချုပ်ဆိုပြီး ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု ၁၀၀ ကျော်အတွက် မန်စီတီး အပြစ်ရှိတယ်လို့ သီးခြားလွတ်လပ်တဲ့ကော်မရှင်အဖွဲ့ရဲ့စုံစမ်းစစ်ဆေးချက်အရ သိရပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ ကလပ်အသင်းကတော့ ဒီစီရင်ချက်မှာ "ဥပဒေ၊ မူဝါဒနဲ့ အချက်အလက်ဆိုင်ရာ ထင်ရှားတဲ့အမှားအယွင်းတွေ ပါဝင်နေပြီး မခိုင်လုံတဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်" လို့ ပြောကြားကာ အယူခံတင်သွင်းထားပါတယ်။

တကယ်လို့ မန်စီးတီးရဲ့အယူခံသာ ရှုံးနိမ့်သွားမယ်ဆိုရင် ရမှတ်အများအပြားလျှော့ချခံရတာ သို့မဟုတ် ပရီးမီးယားလိဂ်မှထုတ်ပယ်ခံရတာ စတဲ့ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်သွားရနိုင်ပါတယ်။

ဒါပေမဲ့ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီရဲ့ အားကစားဆိုင်ရာပြောရေးဆိုခွင့်ရှိသူ လူဝီဖရန့်ခ်ျက GMCA ရဲ့ထုတ်ပြန်ချက်မှာ "ဒီတွေ့ဆုံမှုတွေအကြောင်း၊ ဘာတွေ ဆွေးနွေးခဲ့ကြသလဲ၊ ဘာတွေ သဘောတူခဲ့ကြသလဲဆိုတာတွေနဲ့ ပတ်သက်လို့ အဖိုးတန်သတင်းအချက်အလက်ပါဝင်မှု အလွန်နည်းပါးပါတယ်" လို့ ပြောပါတယ်။

"ဒါက ဘောလုံးပရိသတ်တွေ ရသင့်ရထိုက်တဲ့ ပွင့်လင်းမြင်သာမှုနဲ့ အဝေးကြီး ဝေးကွာနေပါသေးတယ်။ ဘန်နမ်ကိုယ်တိုင်လည်း GMCA ရဲ့နောက်ကွယ်မှာ ပုန်းရှောင်မနေသင့်ပါဘူး။ ဒီကိစ္စအတွက် သူကိုယ်တိုင် တာဝန်ယူရပါလိမ့်မယ်" လို့ ဖရန့်ခ်ျက ထပ်လောင်း ပြောကြားခဲ့ပါတယ်။