ရာသီအဖွင့်ကာလ မတည်မငြိမ်ဖြစ်နေချိန် ယူနိုက်တက်ဆီမှ အခုထက်ပိုပြီး မျှော်လင့်ထားခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ ကာရစ်
အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းအတွက် ပြင်ဆင်နေချိန် သူ့ရဲ့အသင်း မျှော်လင့်ထားသလောက် ဖြစ်မလာခဲ့ဘူးလို့ မန်ချက်စတာယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်က တနင်္လာနေ့မှာ ဝန်ခံပြောဆိုခဲ့ပြီး ဒီအခက်အခဲကာလကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့လည်း အပြည့်အ၀ယုံကြည်ရပ်တည်ပေးခဲ့ပါတယ်။
ယူနိုက်တက်က ပရီးမီးယားလိဂ်ရာသီအဖွင့်ခြောက်ပွဲမှာ ခြောက်မှတ်သာ စုဆောင်းထားနိုင်ပြီး ဒါက ကာလတူမှာ လေးမှတ်သာ ရရှိတဲ့ ၁၉၈၆-၁၉၈၇ ဘောလုံးရာသီနောက်ပိုင်း အဆိုးရွားဆုံးလိဂ်ရာသီသစ်စတင်မှု ဖြစ်လာပါတယ်။
ဒါပေမဲ့ ကာရစ်ရဲ့အသင်းက စက်တင်ဘာလအတွင်း အိုးထရက်ဖို့ဒ်မှာ အဇာဘိုင်ဂျန်ကလပ် ဆာဘားကို ၄-၀ ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံလိဂ်ပြိုင်ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်ကတော့ အန်ဖီးလ်မှာ လီဗာပူးကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
အာမိုရင်ထွက်ခွာသွားပြီးနောက် ဇန်နဝါရီလမှာ ယူနိုက်တက်နည်းပြရာထူးတာဝန်ယူခဲ့တဲ့ ကာရစ်က "ဒီထက်ပိုပြီး အများကြီးမျှော်လင့်ထားခဲ့ပါတယ်" လို့ ပြောပါတယ်။
"အခြေအနေတွေ ပိုမိုခက်ခဲကျပ်တည်းလာမယ့် ကာလတစ်ခု ရှိလာမယ်ဆိုတာကို ကျွန်တော် သိထားပြီးသားပါ။ ဒါက အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါက ခရီးစဉ်တစ်ခုပါပဲ"
"အက်သလက်တီကိုမက်ဒရစ်အတွက်လည်း အစီအစဉ်အတိုင်း မဖြစ်ခဲ့တဲ့အချိန်တွေ ရှိခဲ့ဖူးပါလိမ့်မယ်။ သူတို့ အောင်မြင်မှုတွေ ရခဲ့ပေမဲ့ အရာအားလုံး တစ်သမတ်တည်း ကောင်းမွန်နေခဲ့တာမျိုးတော့ မဟုတ်ပါဘူး"
"လူတွေက ဒါကို ကပ်ဘေးဆိုးကြီးတစ်ခုလို့ ထင်နေကြတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ရဲ့စိတ်ထဲမှာတော့ မရှိပါဘူး။ ခင်ဗျားတို့လည်း ဒါကို ရင်ဆိုင်ဖြေရှင်းနိုင်ရပါမယ်"
"ကျွန်တော်တို့ခွင့်ပြုပေးခဲ့ရတဲ့ နောက်ဆုံးသုံးဂိုးမှာ ကျွန်တော်တို့ဘက်က ပိုကောင်းအောင် လုပ်ဆောင်နိုင်ခဲ့တာတွေ ရှိပါတယ်။ အဲဒါက ကွာခြားချက်တစ်ခု ဖြစ်သွားနိုင်ပါတယ်"
"ပရိသတ်တွေလည်း အဲဒီမှာ ရှိနေကြပြီး ကျွန်တော်တို့ဘက်က သူတို့အတွက် တစ်ခုခု စွမ်းဆောင်ပြရပါမယ်။ ကျွန်တော်တို့ ဒါကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်" လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကတည်းက ကျောဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရတဲ့ ဒတ်ချ်ဗဟိုနောက်ခံလူဒီလစ်ကို အခုအဝေးကွင်းပွဲစဉ်အတွက် လူစာရင်းမှာ ပြန်လည်ထည့်သွင်နိုင်ခဲ့လို့ ကာရစ်အတွက် အချိန်ကိုက်အားတက်စရာ ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ကစားသမားတစ်ဦးလျော့တော့တင်ဟမ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ကွင်းလယ်ကစားသမားမိုင်နူးနဲ့ ဘယ်နောက်ခံလူလုခ်ရှောတို့ နှစ်ဦးလုံး ဒဏ်ရာရရှိသွားလို့ ယူနိုက်တက်အတွက် ဒဏ်ရာပြဿနာစိုးရိမ်မှုဆိုတာ လုံးလုံးလျားလျား လျော့ပါးသွားခြင်းတော့ မရှိသေးပါဘူး။