The network connection is lost.

Banner Image

မန်ချက်စတာမြို့တော်ဝန်အဖြစ် မန်စီးတီးနဲ့ ပတ်သက်ခဲ့ပုံကို လူသိရှင်ကြားထုတ်ဖော်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကတိပြု

၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အကြား ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေအတွက် အပြစ်ရှိတယ်လို့ တွေ့ရှိထားတဲ့ မန်ချက်စတာစီးတီးနဲ့ အတိတ်ကာလအပြန်အလှန်ဆက်ဆံဆောင်ရွက်မှုတွေကို လူသိရှင်ကြားထုတ်ဖော်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်အန်ဒီဘန်နမ်က ကတိပြုပြောကြားလိုက်ပါတယ်။

၂၀၁၇ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ မန်ချက်စတာမြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့တဲ့ ဘန်နမ်က မန်စီးတီးရဲ့ ယူအေအီးအသင်းပိုင်ရှင်တွေကို အစောပိုင်းမှာ ထောက်ခံခဲ့ပြီး ကလပ်အသင်းရောင်းချသွားမယ့်အလားအလာတွေအတွက် အလွန်စိုးရိမ်မိတယ်ဆိုတဲ့ သူ့ရဲ့ပြောဆိုချက်ကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်လာရပါတယ်။

မန်စီးတီးအသင်းကို ယူအေအီးတော်ဝင်မိသားစုဝင် ရှိတ်ခ်မန်ဆွာဘင်ဇာယက်အယ်လ်နာယန် ထိန်းချုပ်တဲ့ အဘူဒါဘီယူနိုက်တက်ဂရု( Abu Dhabi United Group - ADUG) က ပိုင်ဆိုင်ထားပါတယ်။

အဲဒီနောက်ပိုင်း ဒေါင်းနင်းလမ်း(ဗြိတိန်အစိုးရ)က "စည်းမျဉ်းတွေရဲ့အထက်မှာ ဘယ်သူမှ မရှိပါဘူး" လို့ အခိုင်အမာပြောကြားရင်း ဝန်ကြီးချုပ်ရဲ့စကားကို ပြန်လည်ပြင်ဆင်ခဲ့ပေမဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ပူးပေါင်းကာ မန်ချက်စတာမြို့မှာ ရင်းနှီးမြှုပ်နှံမှုကြီးကြီးမားမားဖော်ဆောင်ခဲ့တဲ့ ကလပ်အသင်းနဲ့ ဘန်နမ်ရဲ့ဆက်ဆံရေးကို ရှင်းလင်းပေးဖို့ဆိုတဲ့ အတိုက်အခံတွေရဲ့တောင်းဆိုမှု ထွက်ပေါ်လာခဲ့ပါတယ်။

'The Rest is Politics' Podcast အင်တာဗျူးတစ်ခုမှာ ဘန်နမ်က "မန်ချက်စတာ မြို့တော်ဝန်အဖြစ် ကျွန်တော်တာဝန်ယူချိန်အတွင်း သူတို့နဲ့အတူ လက်တွဲလုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို ရှင်းရှင်းလင်းလင်းချပြသွားပါမယ်" လို့ ပြောကြားခဲ့ပါတယ်။

သူက ၂၀၂၁ ခုနှစ်မှာ "အရေးပါတဲ့တွေ့ဆုံမှု တစ်ကြိမ်သာ" ရှိခဲ့ဖူးတယ်လို့ ပြောပါတယ်။

ဒါ့အပြင် "ဘောလုံးဆိုင်ရာကိစ္စရပ်တွေဆိုတာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်တွေနဲ့ မတူကွဲပြားပါတယ်" လို့လည်း ဘန်နမ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

"လူတွေက အဲဒီအရာနှစ်ခုကို ရောထွေးပစ်ဖို့ ကြိုးစားကြပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ အဲဒီလို မလုပ်သင့်ပါဘူး" လို့ သူက ဆိုပါတယ်။

အမှားအယွင်းတစ်စုံတစ်ရာပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားတဲ့ အင်္ဂလန်ထိပ်တန်းလိဂ် ၁၀ ကြိမ်ဆုရှင်က စည်းမျဉ်းချိုးဖောက်မှုပေါင်း ၁၀၀ ကျော်မှာ အပြစ်ရှိတယ်ဆိုတာ တွေ့ရှိပြီးနောက် မရေမရာအနာဂတ်တစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။

အဘူဒါဘီအုပ်စု ကျောထောက်နောက်ခံပေးထားတဲ့ ဒီထိပ်သီးကလပ်က ၂၀၁၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အကြား ဝင်ငွေဖောင်းပွစေဖို့နဲ့ ကုန်ကျစရိတ်တွေကို ပေါင်သန်း ၉၀၀ ကျော်အထိ လျှော့ချပြသနိုင်ဖို့အတွက် ဟန်ပြစာချုပ်တွေ စီစဉ်ချုပ်ဆိုခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ အပြစ်ရှိတယ်လို့ စီရင်ခံထားရပါတယ်။

ကလပ်အသင်းအပေါ် "လက်ရှိဖြစ်ပေါ်နေဆဲ သီးခြားလွတ်လပ်တဲ့ လုပ်ငန်းစဉ်" ကို "လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရဖို့ရှိပြီး ထွက်ပေါ်လာတဲ့ ရလဒ်ကိုလည်း လေးစားရပါမယ်" လို့ ဒေါင်းနင်းလမ်းက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေကို ဆိုးဆိုးရွားရွားချိုးဖောက်မှုဆိုင်ရာ စွဲချက်အားလုံးမှာ အပြစ်ရှိတယ်ဆိုတဲ့ စီရင်ချက်အပေါ် မန်စီးတီးက အယူခံတင်သွင်းထားပါတယ်။