The network connection is lost.

Banner Image

စည်းမျဉ်းချိုးဖောက်မှုတွေအတွက် ပြစ်ဒဏ်ကို မန်စီးတီးအသင်း လက်သင့်ခံပေးရမယ်လို့ ဂယ်ရီလိုင်နီကာ ပြောကြား

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဂယ်ရီလိုင်နီကာက မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေအတွက် ကိုယ်တိုင်ထုတ်ဖော်ဝန်ခံကာ ပြစ်ဒဏ်ကို လက်ခံသွားသင့်တယ်လို့ အကြံပြုခဲ့ပြီး မန်ချက်စတာအခြေစိုက်ကလပ်အသင်းရရှိထားတဲ့ ချန်ပီယံဆုတွေကို ရုပ်သိမ်းသွားမယ်ဆိုရင်တောင် အံ့အားသင့်စရာ မရှိဘူးလို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအထိ ကိုးရာသီကြာကာလအတွင်း ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုဆိုင်ရာ စွဲချက်အားလုံးအပြင် စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့မှုစွဲချက် လေးခုအနက် သုံးခုမှာလည်း မန်စီးတီးအသင်း အပြစ်ရှိတယ်လို့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့တွေ့ရှိချက်အရ သိရပါတယ်။

ဆုဖလားအများအပြားဆွတ်ခူးနိုင်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကြာကာလအတွင်း ဝင်ငွေဖောင်းပွစေဖို့နဲ့ ကုန်ကျစရိတ်ပေါင်သန်း ၉၀၀ ကျော် လျှော့ချပြသနိုင်ဖို့အတွက် မန်စီးတီးက ဟန်ပြစီးပွားရေးစာချုပ်တွေကို အသုံးပြုခဲ့တယ်လို့ ပရီးမီးယားလိဂ်ဘက်က ပြောကြားခဲ့ပါတယ်။ မန်စီးတီးကတော့ ဒီစီရင်ချက်အပေါ် အယူခံဝင်ထားပြီး သူတို့မှာ အပြစ်မရှိဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။

အဲဗာတန်၊ တော့တင်ဟမ်နဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်းဂယ်ရီလိုင်နီကာကတော့ ဒီအရှုပ်တော်ပုံတစ်ခုလုံးကြောင့် ကလပ်အသင်းအတွက်ရော၊ အင်္ဂလန်ဘောလုံးလောကအတွက်ပါ ထိခိုက်နစ်နာမှု ရှိခဲ့တယ်လို့ ပြောကြားခဲ့ပေမဲ့ မန်စီးတီးကိုယ်တိုင် အပြစ်ကို ထုတ်ဖော်ဝန်ခံလိုက်ခြင်းဖြင့် ဒီဇာတ်ရှုပ်အဆုံးသတ်နိုင်ရေးအတွက် အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

"ဒါက မန်စီးတီးအတွက် တကယ်ကို ကြည့်ရဆိုးစေတယ် သိသာထင်ရှားပါတယ်၊ တကယ့်ပါပဲ။ ဘောလုံးလောကအတွက်လည်း ဆိုးရွားစေပါတယ်။ အခုအချိန်မှာ မန်စီးတီးကိုယ်တိုင် ဝန်ခံပြီး 'ဟုတ်ကဲ့၊ ကျွန်တော်တို့ မှားယွင်းခဲ့ပါတယ်' ဆိုတဲ့ ထုတ်ပြောမှုမျိုးကိုပဲ ကျွန်တော် မြင်ချင်ပါတယ်" လို့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကျင်းပတဲ့ Leaders Week အားကစားညီလာခံမှာ သတင်းထောက်တွေကို လိုင်နီကာက ပြောပါတယ်။

"မန်စီးတီးဘက်က 'ဒါပေမဲ့ ဘောလုံးလောကကောင်းကျိုးအတွက် ကျွန်တော်တို့ ပြစ်ဒဏ်ကို လက်ခံမယ်၊ ဘယ်လိုပြစ်ဒဏ်မျိုးပဲ ဖြစ်ပါစေ လက်ခံပြီး ရှေ့ဆက်သွားပါမယ်' လို့ ပြောသင့်ပါတယ်။ အခုလိုလုပ်ရပ်က ကောင်းချီးပေးနိုင်မယ့်ကိစ္စတစ်ခု ဖြစ်လာနိုင်သလို လောလောဆယ်မှာ သူတို့ရဲ့ဂုဏ်သိက္ခာကိုလည်း အနည်းငယ်ဆယ်တင်ပေးရာ ရောက်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်လာဖို့တော့ သိပ်မယုံကြည်ထားပါဘူး"

"ဒါပေမဲ့ ဒီအရှုပ်တော်ပုံက ထိခိုက်နစ်နာစေပါတယ်... သူတို့ရဲ့ ပရိသတ်တွေအတွက်ရော ကစားသမားတွေအတွက်ပါ ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်" လို့ ဆက်ပြောပါတယ်။

အငြင်းပွားဖွယ်ကာလအတွင်း ဆွတ်ခူးခဲ့တဲ့ မန်စီးတီးရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုသုံးခုကိုလည်း ရုပ်သိမ်းသင့်သလားလို့ မေးမြန်းရာမှာ ဂယ်ရီလိုင်နီကာက "အဲဒီလမ်းကြောင်းအတိုင်း ဖြစ်သွားမယ်ဆိုရင်တောင် ကျွန်တော် မအံ့ဩပါဘူး။ ဒါပေမဲ့ အဆုံးမှာတော့ ဘယ်သူ ခံစားရမလဲ? ကစားသမားတွေနဲ့ ပရိသတ်တွေပါပဲ" လို့ ပြောပါတယ်။

အယူခံလုပ်ငန်းစဉ်ကို သီးသန့် လျှို့ဝှက်စွာ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အယူခံကြားနားမှုမတိုင်ခင် ပြစ်ဒစ်တွေကို ကြေညာသွားမလား၊ ဒီပြစ်ဒဏ်တွေကိုယ်တိုင်လည်း ချက်ချင်းအသက်ဝင်လာမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မန်စီးတီးက အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ငါးပွဲကစား၊ ငါးပွဲအနိုင်ရရှိကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး လာမယ့်တနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းမှာ လီဗာပူးနဲ့ ရင်ဆိုင်ကစားသွားရပါမယ်။