ကမ္ဘာ့ဖလားကြော်ငြာကြောင့် နော်ဝေလေကြောင်းလိုင်းတစ်ခုကို တရားစွဲဆိုလိုက်တဲ့ ဟာလန်း
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြော်ငြာတစ်ခုမှာ သူ့ရဲ့ရုပ်ပုံလွှာကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့မှုနဲ့ပတ်သက်လို့ နော်ဝေလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Norwegian Air Shuttle ကို ဟာလန်းက တရားစွဲဆိုထားပါတယ်။
ပြီးခဲ့တဲ့နွေရာသီ၊ မြောက်အမေရိကတိုက်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟာလန်းက နော်ဝေလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီး ဒါက သူ့နိုင်ငံ့အတွက် ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပါဝင်ယှဉ်ပြိုင်မှုလည်း ဖြစ်လာပါတယ်။ မန်စီးတီးတိုက်စစ်မှူးက ဒီပြိုင်ပွဲမှာ အင်္ဂလန်ကို ရှုံးနိမ့်ပြီး မထွက်ခွာလာရချိန်အထိ နော်ဝေအသင်း ကွာတားဖိုင်နယ်အဆင့် တက်ရောက်နိုင်အောင် ပြိုင်ပွဲသမိုင်းတလျှောက် သူတို့အသင်းအတွက် အကောင်းဆုံးစံချိန်အဖြစ် ခုနစ်ဂိုးအထိ သွင်းယူရင်း ခြေစွမ်းပြသခဲ့ပါတယ်။
နော်ဝေလက်ရွေးစင်အသင်းအပေါ် အားပေးထောက်ခံမှုကို ပြသမှုအဖြစ် Norwegian Air Shuttle လေကြောင်းလိုင်းက သူတို့ရဲ့လေယာဉ်တစ်စင်းပေါ်မှာ ဟာလန်းရဲ့အမှတ်သင်္ကေတဖြစ်တဲ့ မြင်းမြီးပုံစံဆံပင်ရုပ်ပုံကို "ငါတို့ ဒီထက်ပိုပြီး နော်ဝေလူမျိုးနဲ့ မတူဖူးတော့ပါဘူး" ဆိုတဲ့ စာသားနဲ့အတူ ပေါင်းစပ်ထည့်သွင်းရေးဆွဲခဲ့ပါတယ်။ ဒါပေမဲ့ ဒီကြော်ငြာလှုပ်ရှားမှုနဲ့ပတ်သက်လို့ သူ့ရဲ့ပုံရိပ်ကို ခွင့်ပြုချက်မရှိ၊ စီးပွားရေးအရ အမြတ်ထုတ်မှုအဖြစ် စွပ်စွဲရင်း စိတ်အလိုမကျဖြစ်နေတဲ့ အသက် ၂၆ နှစ်အရွယ်ကစားသမားက ဥပဒေကြောင်းအရ အရေးယူဖို့ လုပ်ဆောင်လာခဲ့ပါတယ်။
လေကြောင်းလိုင်းဘက်ကတော့ နိုင်ငံ့လက်ရွေးစင်အသင်းကို အားပေးရုံသက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပြီး ဒီလိုတရားစွဲဆိုမှုအတွက် အံ့အားသင့်နေသလို နားလည်ရခက်ခဲလွန်းတယ်လို့လည်း ဆိုပါတယ်။ အခုတော့ တရားရုံးမှာ ဘယ်လိုဆုံးဖြတ်ချက်မျိုး ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။