The network connection is lost.

Banner Image

မန်စီးတီးအပေါ် စွဲဆိုထားတဲ့ စွဲချက်တွေနဲ့ ပတ်သက်လို့ စိတ်မရှည်ချင်စရာမေးခွန်းကို ခပ်ဆတ်ဆတ် တုံ့ပြန်လိုက်တဲ့ ဟာလန်း

ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုစွဲချက် ၁၁၄ ခုနဲ့ပတ်သက်လို့ ကလပ်အသင်းရဲ့အယူခံရလဒ်ကို စောင့်ဆိုင်းနေချိန် မန်စီးတီးအတွက် သူ့ရဲ့သစ္စာစောင့်သိမှုကို ဟာလန်းက ထပ်လောင်းအတည်ပြုပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၁၇ ရက်၊ ဒိန်းမတ်နဲ့ကစားရမယ့် နောက်ဆုံးပွဲစဉ်မတိုင်မီ ဝေးလ်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ဥရောပနေရှင်းလိဂ်ပွဲစဉ်မှာ နော်ဝေအတွက် မန်စီးတီးတိုက်စစ်မှူးက အကောင်းဆုံး ဦးဆောင်ပေးခဲ့ပါတယ်။

အင်္ဂလန်မြေဆီ ဟာလန်းမရောက်ရှိလာသေးခင် ကိုးရာသီကြာကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ မန်စီးတီးအပေါ် ပရီးမီးယားလိဂ်ရဲ့တရားစွဲဆိုမှု ပေါ်ပေါက်ထားပါတယ်။ ဒါကြောင့် အော်စလိုမြို့ပွဲစဉ်အပြီး ဒီအရှုပ်တော်ပုံနဲ့ပတ်သက်လို့ မေးမြန်းလာမှုကို သူက ခပ်ဆတ်ဆတ်စကားနာထိုးတဲ့ပုံစံဖြင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဟာလန်းက "စုံစမ်းစစ်ဆေးမှုမှာ ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကာလပဲ အကျုံးဝင်ပါတယ်။ ကျွန်တော်က ၂၀၀၉ ခုနှစ်မှာ ကျွန်တော် ဘရိုင်းန်ယူ-၉ အသင်းမှာ ကစားနေတာပါ။ ၂၀၁၀ ခုနှစ်မှာ ယူ-၁၀၊ ၂၀၁၁ ခုနှစ်မှာ ယူ-၁၁၊ ၂၀၁၂ ခုနှစ်မှာ ယူ-၁၂၊ ၂၀၁၃ ခုနှစ်မှာ ယူ-၁၃။ ဆက်ပြောပြရဦးမလား? စာရင်းအပြည့်အစုံတော့ မလိုလောက်ပါဘူး"

"၂၀၁၄ ခုနှစ်မှာ ယူ-၁၄၊ ၂၀၁၅ ခုနှစ်မှာ ယူ-၁၅ နဲ့ နိုင်ငံအသင်း၊ အဲဒီနောက် ယူ-၁၆ လို့ ထင်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဘရိုင်းန်ရဲ့ လူငယ်အသင်း၊ အရန်အသင်းနဲ့ စီနီယာအသင်းဆီ တက်လှမ်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ မိုလ်ဒီဆီ ရောက်သွားခဲ့တယ်။ ၂၀၁၈ ခုနှစ်မှာတော့ မိုလ်ဒီရဲ့ စီနီယာအသင်း၊ မိုလ်ဒီ-၂ နဲ့ လူငယ်အသင်းတွေအတွက် အနည်းငယ် ကစားခဲ့ပါတယ်"

"ဒါက ဥပဒေရေးရာ တိုက်ပွဲတစ်ခုဖြစ်တာကြောင့် ဒီမေးခွန်းကို ကျွန်တော်ဖြေဆိုပေးဖို့ ခက်ခဲပါတယ်။ ပရီးမီးယားလိဂ်နဲ့ မန်စီးတီးအကြား ပေါ်ပေါက်နေတဲ့ ကိစ္စဖြစ်ပြီး စုံစမ်းရေးအဖွဲ့ကပဲ ကိုင်တွယ်ဖြေရှင်းသွားပါလိမ့်မယ်။ ဒါကို ကျွန်တော် ဖြေပေးရမလား? ကျွန်တော်လည်း သေချာမသိပါဘူး" လို့ ပြောပါတယ်။