The network connection is lost.

Banner Image

အင်္ဂလန်အသင်းရဲ့ ပွဲချိန်ပြည့်စွမ်းဆောင်ရည်ပိုင်းအတွက် ဝမ်းသာအားရဖြစ်နေတဲ့ တူချယ်

ယမန်နေ့(စနေနေ့)၊ Rijeka မြို့မှာ သနားစဖွယ်ခရိုအေးရှားကို ၀-၇ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်အတွက် အင်္ဂလန်ရဲ့ပြီးပြည့်စုံတဲ့စွမ်းဆောင်ရည်ပိုင်းကို သောမတ်စ်တူချယ်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

တူချယ်က "ဒါ ကစားသမားတိုင်းဆီမှ တွေ့မြင်ခဲ့ရတဲ့ အမြင့်မားဆုံးအဆင့်အတန်းရှိမယ့် မိနစ် ၉၀ စာ စွမ်းဆောင်ရည်ပိုင်းပါပဲ။ ပထမဆုံးမိနစ်မှ နောက်ဆုံးမိနစ်အထိ ပွဲထွက်ကစားခဲ့သူတိုင်းရော၊ အရန်ခုံမှတဆင့် ပါဝင်ကစားသူတိုင်းပါ အကောင်းဆုံးအဆင့်အတန်း ရှိနေခဲ့ကြလို့ အသင်းကို ဂုဏ်ပြုချင်ပါတယ်" လို့ ပြောပါတယ်။

"အဝေးကွင်းမှာ အခုလိုကစားနိုင်ခဲ့တယ်ဆိုတာ တကယ့်ကို အထင်ကြီးစရာ ကောင်းပါတယ်။ ကျွန်တော်တို့အတွက် အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ပွဲစတင်ချိန်မှ ပထမပိုင်းမိနစ် ၄၀ အထိ ကျွန်တော်တို့ရဲ့ကစားပုံ အလွန်ချောမွေ့နေခဲ့ပါတယ်"

"နာရီကိုကြည့်ခဲ့တာ ကျွန်တော်မှတ်မိနေပါသေးတယ်။ 'ဝိုး၊ ဒါက ကောင်းမွန်တဲ့ ၃ မိနစ်ပါပဲ' လို့ တွေးမိခဲ့ပြီး နောက်တစ်ခါထပ်ကြည့်တော့လည်း ကောင်းမွန်တဲ့ ၇ မိနစ် ဖြစ်နေဆဲပါပဲ။ ဘယ်တော့မှ ရပ်မသွားတဲ့ ပုံစံမျိုးပါပဲ" လို့ ဆိုပါတယ်။

အထူးသဖြင့် ခရိုအေးရှားရဲ့အားနည်းနေတဲ့ ခံစစ်နဲ့ သက်ကြီးကွင်းလယ်ပိုင်းအပေါ် သူ့ရဲ့ အသင်း စဉ်ဆက်မပြတ်ဖိအားပေးကစားသွားခဲ့တဲ့ပုံစံကို တူချယ် အလွန်သဘောကျခဲ့ပါတယ်။

"ကျွန်တော်တို့ကစားကွက်အရှိန်ကို ဆက်လက်ထိန်းထားနိုင်ခဲ့သလို နေရာလွတ်ကြားမှာ ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။ အခွင့်အရေးတွေကို အဆုံးသတ်ရာမှာ သေချာမှု အပြည့်ရှိခဲ့ပါတယ်။ ဘောလုံးပြန်လုတဲ့နေရာနဲ့ ခံစစ်ကာကွယ်တဲ့ နေရာတွေမှာ ဆာလောင်မှု အပြည့် ရှိနေခဲ့တာကြောင့် အခြေခံကျတဲ့အရာတွေကို မှန်မှန်ကန်ကန်လုပ်ဆောင်နိုင်ခဲ့ပါတယ်" လို့ သူက ပြောပါတယ်။

"ဒီလိုစိတ်ဓာတ်မျိုးကို ကျွန်တော် သဘောကျပါတယ်။ ကျွန်တော်တို့က အမြဲတမ်း နှိမ့်ချစွာ ကစားခဲ့ပြီး အခြေခံကျတဲ့ အရာတွေကို အမြဲမှန်မှန်ကန်ကန်လုပ်ဆောင်နိုင်ခဲ့တာကြောင့် ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်တစ်ခု ဖြစ်လာခဲ့ပါတယ်" လို့ ဆိုပါတယ်။