The network connection is lost.

Banner Image

သမိုင်းဝင်ရှုံးပွဲအပြီး ဆိုးရွားတဲ့ အဆုံးသတ်ထက် ဆိုးရွားတဲ့ အစပြုမှုကိုပဲ ပိုသဘောကျပါတယ်လို့ ဆိုလိုက်တဲ့ ယာဂန်ကလော့ပ်

ဂရိကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ဂျာမနီရဲ့ရှုံးပွဲအတွက် ယာဂန်ကလော့ပ်က အပြည့်အ၀တာဝန်ယူပြီး ကစားသမားအပြောင်းအလဲများစွာ ပြုလုပ်ခဲ့မှုကြောင့် အခုလို စိတ်ပျက်စရာကောင်းတဲ့ ရလဒ်မျိုး ထွက်ပေါ်လာခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ပွဲစဉ်အပြီး ကလော့ပ်က "ကျွန်တော်ပြုလုပ်ခဲ့တဲ့ ကစားသမားအပြောင်းအလဲတွေအရ ဒီရှုံးနိမ့်မှုက သေချာပေါက် ကျွန်တော့်ရဲ့တာဝန်သာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ခံစစ်အလွန်ပိတ်ပြီး ကစားခဲ့တဲ့ ဂရိအသင်းလို ပြိုင်ဘက်ကို ဂျာမနီအသင်း လုံး၀မရှုံးနိမ့်သင့်ဘူးလို့ သူက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"ဒီလောက်အထိ ခံစစ်ကို နက်နက်ရှိုင်းရှိုင်းပိတ်ဆို့ထားတဲ့ ပြိုင်ဘက်မျိုးနဲ့ရင်ဆိုင်ရချိန် ဂိုးပြတ်အနိုင်ယူဖို့ မလွယ်ကူဘူးဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ ဒီလိုပွဲမျိုးကို ကျွန်တော်တို့ မရှုံးနိမ့်သင့်ပါဘူး"လို့ ကလော့ပ်က ထောက်ပြပါတယ်။

အထူးသဖြင့် အဝေးဘောပေးပို့မှုတွေအပေါ် ဂျာမနီရဲ့ခံစစ်ပိုင်းကာကွယ်ပုံကို ကလော့ပ်က အဓိကဝေဖန်ခဲ့ပါတယ်။ "ဂရိတွေက အခြေခံအားဖြင့် အဝေးဘောပေးပို့မှုတွေနဲ့ပဲ ကစားသွားခဲ့တာပါ။ ကျွန်တော်တို့ဘက်က အဲ့ဒါကို ပိုမိုကောင်းမွန်တဲ့ပုံစံမျိုးနဲ့ ကာကွယ်နိုင်ရပါမယ်" လို့ ပြောကြားခဲ့ပြီး ပေါ်ထွက်လာတဲ့ တစ်ဦးချင်းဘောလုံးယှဉ်လုမှုတွေမှာ ဂျာမနီ ကစားသမားတွေကိုယ်တိုင် လိုအပ်သလို လျင်လျင်မြန်မြန် ဝင်ရောက်ယှဉ်ပြိုင်ဖို့ တစ်ခါတလေ ပျက်ကွက်ခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။

နည်းပြက အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ သူ့ရဲ့အသင်းသားတွေအကြား အချိတ်အဆက် မိမိကစားနိုင်မှု အားနည်းနေတဲ့အချက်ကိုလည်း ထောက်ပြသွားပါတယ်။

"ကျွန်တော်တို့က အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ အသင်းဖြစ်ပြီး အချင်းချင်း ကောင်းကောင်းနားလည်မှုရှိတဲ့ အခိုက်အတန့်တွေကို ပြသနိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ ဒီနေ့မှာ မြင်တွေ့ခဲ့ရသလိုပဲ ဆန့်ကျင်ဘက် အခြေအနေမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ချမှတ်ထားတဲ့ အစီအစဉ်တွေကို အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး" လို့ ကလော့ပ်က ရှင်းပြခဲ့ပါတယ်။

ကလော့ပ်အတွက်တော့ ဒါက အသင်းတည်ဆောက်မှုလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ "ဘောလုံးမှာ လေ့ကျင့်မှုတွေ လိုအပ်သလို အမြဲတစေလုပ်ဆောင်ရမယ့် ပုံမှန်အလေ့အထတွေလည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဲဒါမျိုး လုံလုံလောက်လောက် မရှိသေးပါဘူး" လို့ သူက ဆိုပါတယ်။

အခုလိုရှုံးနိမ့်ခဲ့ပေမဲ့လည်း ကလော့ပ်က ပိုမိုကြီးမားတဲ့ အနာဂတ်ရည်မှန်းချက်တွေအပေါ်မှာပဲ ဆက်လက် အာရုံစိုက်ထားပါတယ်။ "ကျွန်တော့်ဘဝမှာ မရှုံးချင်တဲ့ ပွဲပေါင်းများစွာကို ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ကျွန်တော် ဒီအခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။ ဒီလိုပွဲမျိုးတွေ ကြုံတွေ့ပြီးနောက်မှာ သင်ခန်းစာယူပြီး ပိုကောင်းအောင် လုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်" လို့ သူက ပြောပါတယ်။

ဆက်လက်ပြီး သူက " အသင်းအတွက် ကစားဟန်အတွေးအခေါ်တစ်ခု တည်ဆောက်တဲ့နေရာမှာ ဆိုးရွားတဲ့ အဆုံးသတ်ထက်စာရင် ဆိုးရွားတဲ့ အစပြုမှုကိုသာ ကျွန်တော် ပိုသဘောကျပါတယ်" လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။