ဂရိမြေသရေပွဲစဉ်အတွက် စိတ်ပျက်နေတဲ့ ဖလော်ရီယန်ဝစ်ဇ်နဲ့ လက်ရွေးစင်အဆင့် ဒုတိယမြောက်ပွဲစဉ်ကို ဖြတ်သန်းခဲ့တဲ့ ရှာဟန့်
ယမန်နေ့ညပိုင်း၊ သက်ဆာလိုနီကီမြို့မှာ ကစားခဲ့တဲ့ ဂိုးမရှိသရေပွဲစဉ်အပေါ် ဂျာမနီကြယ်ပွင့်နှစ်ဦးမှာ မတူညီတဲ့တုံ့ပြန်ပုံတွေ ရှိခဲ့ကြပါတယ်။
ဂျာမနီအသင်းအတွက် ဂရိနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ရလဒ်အပိုင်းအပေါ် ဖလော်ရီယန်ဝစ်ဇ်ကတော့ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါတယ်။
"ကျွန်တော်တို့ ဖိအားတွေ အများကြီးပေးနိုင်ခဲ့ပေမဲ့ အရေးပါတဲ့သွင်းဂိုးကိုတော့ မရယူနိုင်ခဲ့ပါဘူး။ ဒါ အလွန် စိတ်ပျက်စရာ ကောင်းပါတယ်" လို့ RTL နဲ့ ပွဲစဉ်အပြီး အင်တာဗျူးမှာ ဖလော်ရီယန်ဝစ်ဇ်က ပြောကြားခဲ့ပါတယ်။
"ခြုံပြီးပြောရရင် ကျွန်တော်တို့ကစားခဲ့တဲ့ ပုံစံအပေါ် ကျေနပ်နိုင်သလို ကောင်းမွန်တဲ့ အချက်တွေလည်း အများကြီး ရှိခဲ့ပါတယ်။ ကျွန်တော်တို့ အတူတကွရှိနေခဲ့တာ သီတင်းတစ်ပတ်ပဲ ရှိသေးတယ်ဆိုတာကိုတော့ မေ့ထားလို့ မရပါဘူး။"
"ကျွန်တော်တို့အတွက် အနိုင်ရလဒ်ကို တကယ်လိုချင်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ ဒါပေမဲ့ သေချာတာကတော့ အရာအားလုံး မဆိုးရွားခဲ့ပါဘူး" လို့ အသက် ၂၃ နှစ်အရွယ်လီဗာပူး ကြယ်ပွင့်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။
အဲဒီညပိုင်းမှာ ဂျာမနီအတွက် အထင်ကြီးစရာအကောင်းဆုံးတိုက်စစ်ကစားသမားဖြစ်ခဲ့တဲ့ ရှာဟန့်ကတော့ သူ့ရဲ့စီနီယာလက်ရွေးစင်အဆင့် ဒုတိယမြောက်ပွဲစဉ်နဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ပြောကြားခဲ့ပါတယ်။
"ဂျာမနီလက်ရွေးစင်အသင်းအတွက် ကစားပေးရတယ်ဆိုတာ ကျွန်တော့်အတွက်တော့ အိပ်မက်တစ်ခု အမှန်တကယ် ဖြစ်လာခဲ့တာပါ။ ကျွန်တော် အလွန်ပျော်ရွှင်ခဲ့သလို ကိုယ့်ရဲ့ အရည်အချင်းကို အစွမ်းကုန်ပြသနိုင်ဖို့နဲ့ နောက်မတွန့်ဘဲ ကစားနိုင်ဖို့ ကြိုးစားခဲ့ပါတယ်"
"ကျွန်တော့်အတွက် အရာအားလုံး မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာခဲ့တာပါ။ လွန်ခဲ့တဲ့ ၅ နှစ်က ကျွန်တော် ဘယ်နေရာမှာ ရှိခဲ့သလဲဆိုတာနဲ့ အခုလက်ရွေးစင်အသင်းမှာ ရောက်နေတာကို ကြည့်လိုက်ရင် ဒါကို စိတ်ထဲမှာ လက်ခံသဘောပေါက်နိုင်ဖို့ အချိန်ယူနေရဆဲပါပဲ" လို့ သူက RTL ကို ပြောပါတယ်။