The network connection is lost.

Banner Image

အသင်းသစ်တွေနဲ့အတူ ပွဲဦးထွက်လာတဲ့ ထိပ်တန်းနည်းပြတွေကို မြင်တွေ့ရဦးမယ့် နေရှင်းလိဂ်ပွဲစဉ်များ

၂၀၂၆-၂၀၂၇ ဘောလုံးရာသီ၊ နေးရှင်းလိဂ်ပြိုင်ပွဲကို ကြာသပတေးနေ့မှာ စတင်သွားဖို့ရှိနေပြီး ဇီဒန်း၊ ယာဂန်ကလော့ပ်တို့အပါအဝင် ထိပ်တန်းနည်းပြတွေလည်း နိုင်ငံတကာဘောလုံးလောကဆီ ပွဲဦးထွက်ပါဝင်လာဖို့ ရှိနေလို့ အားလုံးရဲ့အာရုံစိုက်မှုတွေ ကွင်းဘေးစည်းဆီ ရောက်ရှိလာပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်တိုင်း မျက်နှာသစ်နည်းပြတွေ ထွက်ပေါ်လာလေ့ရှိတယ်ဆိုတာ မဆန်းလှပါဘူး။ ဒါပေမဲ့ အခု ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာတော့ အနည်းဆုံးဥရောပ ၁၀ နိုင်ငံထက်မနည်း နည်းပြသစ်တွေ ခန့်အပ်ခဲ့ကြလို့ အတော်လေးထူးခြားနေခဲ့ပါတယ်။
 
အထင်ရှားဆုံးအဖြစ် ဒက်စ်ချမ့်စ်ရဲ့နေရာကို ဆက်ခံပြီး ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဖြစ်လာတဲ့ ၁၉၉၈ ကမ္ဘာ့ဖလားဆုရှင် ပြင်သစ်ဂန္တဝင်ဇီဒန်းနဲ့ မိခင်နိုင်ငံလက်ရွေးစင်အသင်းကို စတင်တာဝန်ယူကိုင်တွယ်တော့မယ့် လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်တို့ပဲ ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ၁၄ နှစ်ကြာ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြသက်တမ်းကို အဆုံးသတ်တော့မယ်လို့ ဒက်စ်ချမ့်စ် ကြေညာခဲ့ချိန် ပြင်သစ်ဘောလုံးပရိသတ်တွေရဲ့နှုတ်ဖျားမှာ နာမည်တစ်ခုတည်းသာ ရေပန်းစားလာခဲ့ပါတယ်။ အဲ့ဒါကတော့ 'ဇီဇူး' (Zizou) ပဲ ဖြစ်ပါတယ်။
 
ချန်ပီယံလိဂ်ဆုဖလားသုံးကြိမ်တိုင်တိုင် ဆွတ်ခူးဖူးတဲ့ နည်းပြကြီးကို သူ့ရဲ့အသင်းဖော်ဟောင်းနဲ့ အသင်းခေါင်းဆောင်ဟောင်းနေရာမှာ အစားထိုးတော့မယ်လို့ ဇူလိုင်လအတွင်း တရားဝင်ကြေညာခဲ့ချိန် ပရိသတ်တွေရဲ့ဆန္ဒ ပြည့်၀သွားခဲ့ပါတယ်။
 
လက်ရှိပြင်သစ်အသင်းကပ္ပတိန်အမ်ဘာပေက "ဒါ ရုပ်ရှင်တစ်ခုလိုပါပဲ။ ဒါပေမဲ့ တကယ့်ကို အံ့ဩစရာကောင်းပြီး လက်တွေ့အရှိတရားလည်း ဖြစ်ပါတယ်" လို့ တနင်္လာနေ့မှာ စပိန်သတင်းစာ AS ကို ပြောကြားခဲ့ပါတယ်။
 
နောက်ဆုံးမှာတော့ အသက် ၅၄ နှစ်အရွယ်နည်းပြက တူရကီနဲ့ သောကြာနေ့အဝေးကွင်းပွဲစဉ်၊ နောက်သုံးရက်အကြာ ဘယ်လ်ဂျီယံနဲ့အဝေးကွင်းပွဲစဉ်တွေနဲ့အတူ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဘ၀ ပွဲဦးထွက်တွေကို ကျော်ဖြတ်သွားရပါတော့မယ်။ သူတို့တွေက အောက်တိုဘာ ၂ ရက်၊ အီတလီနဲ့ပွဲစဉ်ကိုတော့(Stade de France) ကွင်းမှာ အိမ်ကွင်းပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ကစားသွားရပါမယ်။
 
အဲဒီနောက် ပဲရစ်မြို့မှာ ဘယ်လ်ဂျီယံနဲ့ ဒုတိယအကြိမ်တွေ့ဆုံမယ့်ပွဲစဉ်ဖြင့် ဇီဒန်းရဲ့ လက်ရွေးစင်အသင်းနည်းပြဘ၀၊ အဖွင့်ပွဲစဉ်တွေကို အဆုံးသတ်ပေးသွားပါလိမ့်မယ်။
 
"ပြင်သစ်အသင်းနည်းပြရာထူးဆိုတာ ကျွန်တော် လိုချင်ခဲ့တဲ့ တစ်ခုတည်းသော အရာပါပဲ" လို့ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဇီဒန်းက ဇူလိုင်လအတွင်း ပြောကြားခဲ့ဖူးပါတယ်။
 
"ပြီးခဲ့တဲ့ လေး၊ ငါးနှစ်အတွင်း ကလပ်အသင်းတွေကို တာဝန်ယူပေးဖို့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမဲ့ ပြင်သစ်လက်ရွေးစင်အသင်းအတွက် အဲဒါတွေကို အကုန်ငြင်းပယ်ခဲ့ပါတယ်။ စိန်ခေါ်မှုအတွက် ကျွန်တော် အသင့်ဖြစ်နေပါပြီ၊ ဒါက ကျွန်တော့်ကို တွန်းအားပေးနေတဲ့ အရာပါပဲ" လို့ ဆိုပါတယ်။
 
ပြင်သစ်မှာ ဇီဒန်းကို ခန့်အပ်မှုက ဂန္ထဝင်ပုဂ္ဂိုလ်တစ်ဦးအတွက် နှစ်ရှည်လများ စောင့်မျှော်ခဲ့ရတဲ့အိပ်မက် ဖြစ်မယ်ဆိုရင် မိန့်ဇ်နောက်ခံလူဟောင်းကလော့ပ်ရဲ့ ဂျာမနီလက်ရွေးစင်အသင်းကို တာဝန်ယူမှုကလည်း ဂျာမန်ပြည်သူတွေအတွက် ထပ်တူထပ်မျှ စိတ်လှုပ်ရှားစရာ ဖြစ်လာခဲ့ပါတယ်။
 
ကစားသမားဘဝမှာ လက်ရွေးစင်အဆင့် မကစားခဲ့ဖူးတဲ့ ကလော့ပ်က နည်းပြဘ၀မှာတော့ ဘောလုံးလောကရဲ့အကျော်ကြားဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒေါ့မွန်၊ လီဗာပူးတို့မှာ ဂန္ထဝင်မြောက်အောင်မြင်မှုတွေ ရယူခဲ့ပြီးနောက် Red Bull ရဲ့ ကမ္ဘာလုံးဆိုင်ရာအားကစားဒါရိုက်တာအဖြစ် ကွင်းဘေးစည်းနဲ့ ခေတ္တဝေးကွာခဲ့ပြီးချိန် ဂျာမနီပရိသတ်တွေကိုယ်တိုင် ဘယ်တော့မှမဖြစ်လာတော့ဘူးလို့ ထင်မှတ်ထားခဲ့တဲ့ စွန့်စားခန်းခရီးသစ်ကို ကလော့ပ် စတင်ပါတော့မယ်။

"ဒါ ကျွန်တော့်ရဲ့ ကစားသမားဘဝ၊ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးနဲ့ အလုပ်အကိုင်ခရီးလမ်းမှာ အမြင့်မားဆုံး အထွဋ်အထိပ်ကာလပါပဲ။ ကျွန်တော့်ဆီမှာ ရှိသမျှ အရာအားလုံးကို ပေးဆပ်သွားပါမယ်" လို့ ဂျာမနီရဲ့ ဆိုးရွားလှတဲ့ ကမ္ဘာ့ဖလားခရီးစဉ်အပြီး နာဂယ်လ်စမန်း ထွက်ခွာသွားပြီးနောက် သူ့ကို မိတ်ဆက်ပေးတဲ့ အခမ်းအနားမှာ ကလော့ပ်က ပြောကြားခဲ့ပါတယ်။
 
ဆွဲဆောင်မှုအပြည့်ရှိတဲ့ အသက် ၅၉ နှစ်အရွယ် ကလော့ပ်က သူ့ရဲ့နိုင်ငံတကာအဆင့်ပွဲဦးထွက်ပွဲစဉ်တွေအတွက် ကစားသမား ၄၄ ဦးကို လူစာရင်းနှစ်ခုအဖြစ် ခွဲထုတ်ရွေးချယ်ပြီး သူ့ရဲ့ကိုယ်ပိုင်ဟန်အတိုင်း လုပ်ဆောင်သွားမယ်ဆိုတာကို ပြသထားပြီးပါပြီ။

ကလော့ပ်ရဲ့ပွဲဦးထွက်ပွဲစဉ်တွေကတော့ နယ်သာလန်နဲ့ လာမယ့်ကြာသပတေးနေ့အက်စတာဒမ်မြေပွဲစဉ်၊ သုံးရက်အကြာ ဂရိနဲ့ အိမ်ကွင်းပွဲစဉ်၊ အောက်တိုဘာ ၁ ရက်၊ မြူးနစ်မြေမှာ ဆာဘီးယားနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်၊ အောက်တိုဘာ ၄ ရက်၊ ဂရိနိုင်ငံဆီ သွားရောက်ကစားရမယ့် ပွဲစဉ်တွေ ဖြစ်ပါတယ်။

အခုနိုင်ငံတကာသီတင်းပတ်ပွဲစဉ်တွေမှာ မျက်နှာသစ်နည်းပြအဖြစ် ထပ်မံမြင်တွေ့ရမယ့်သူတစ်ဦးကတော့ နေးရှင်းလိဂ်လက်ရှိချန်ပီယံပေါ်တူဂီအသင်းအတွက် ပဲ့ကိုင်ရှင်သစ် ဂျော့ဂျီးဆပ်စ် ဖြစ်ပါတယ်။ သူက လာမယ့်ကြာသပတေးနေ့မှာ ဝေးလ်ကို ဧည့်ခံကစားရမယ့်ပွဲစဉ်နဲ့အတူ ပွဲဦးထွက်လာပါလိမ့်မယ်။
 
ဘာစီလိုနာကွင်းလယ်ကြယ်ပွင့်ဟောင်းနဲ့ ၂၀၁၀ ကမ္ဘာ့ဖလားဆုရှင် ဇာဗီကလည်း ရော်နယ်ကိုးမန်းရဲ့နေရာဆက်ခံပြီး နယ်သာလန်အသင်းနည်းပြသစ် ဖြစ်လာပါတယ်။

အီတလီအသင်းကို ယူရို-၂၀၂၀ ချန်ပီယံဆုဆီ ချီတက်နိုင်အောင် လမ်းပြပေးခဲ့ဖူးတဲ့ မန်ချီနီကတော့ ယိမ်းယိုင်နေတဲ့ အဇူရီတို့ကို လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာစေဖို့ အသင်းကို တကျော့ပြန်တာဝန်ယူလာပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ နယ်သာလန်ကွင်းလယ်ကစားသမားဟောင်းဗန်ဘွန်မဲလ်က အီတလီနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို သူ့ရဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြဘ၀ ပွဲဦးထွက်အဖြစ် တာဝန်ယူကိုင်တွယ်သွားပါလိမ့်မယ်။ နောက်ပြီး ဘီလစ်ကလည်း ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အကြား အောင်အောင်မြင်မြင်တာဝန်ယူခဲ့ဖူးတဲ့ ခရိုအေးရှားအသင်းကို ဒုတိယအကြိမ် ပြန်လည်ဦးဆောင်ဖို့ ရှိနေပါတယ်။
 
စပိန်တွေကတော့ ကမ္ဘာ့ဖလားနဲ့ ယူရိုချန်ပီယံဆုတွေ ရယူပေးထားတဲ့ နည်းပြဒီလာဖွန်တေနဲ့ပဲ ၂၀၃၂ ခုနှစ်အထိ လက်တွဲမယ့် စာချုပ်သစ်ကို တနင်္လာနေ့မှာ ချုပ်ဆိုခဲ့ပါတယ်။

ဒီကမ္ဘာ့ဖလားချန်ပီယံအသင်းက သူတို့အတွက် ဒုတိယမြောက်နေးရှင်းလိဂ်ချန်ပီယံဆုကို ရှာဖွေမယ့်ခရီးစဉ်အတွက် ပထမဆုံးမှတ်တိုင်အဖြစ် လာမယ့်စနေနေ့၊ ဝင်ဘာလေကွင်းမှာ သောမတ်စ်တူချယ်ရဲ့အင်္ဂလန်အသင်းနဲ့ စိတ်လှုပ်ရှားဖွယ် ယှဉ်ပြိုင်ကစားသွားပါလိမ့်မယ်။