The network connection is lost.

Banner Image

မြက်ခင်းကြိတ်စက်နဲ့ တိုက်မိတဲ့ ဖြစ်ရပ်အကြောင်း တောင်ဆန် ဖွင့်ဟ

အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမားဟောင်းတောင်ဆန်က ကွင်းတွင်းသွေးပူလေ့ကျင့်ခန်းပြုလုပ်နေချိန် မြက်ခင်းကြိတ်စက်ဖြင့် တိုက်မိခဲ့တဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်နဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် တော့တင်ဟမ်၊ လူတန်တောင်းနဲ့ ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူးဟောင်းက လတ်တလော၊ ထိုင်းလိဂ်-၁ မှာ PT Prachuap အသင်းအတွက် ပါဝင်ကစားနေပါတယ်။
 
အခုသီတင်းပတ်၊ သွေးပူလေ့ကျင့်ခန်းအစီအစဉ်မှာ မြက်ခင်းကြိတ်စက်တစ်စီးနဲ့ တောင်ဆန်တို့ ဝင်တိုက်မိတဲ့ ထူးထူးဆန်းဆန်းမတော်တဆမှုတစ်ခု ပေါ်ပေါက်ခဲ့ပြီး ဒီဖြစ်ရပ်ဟာ ထူးဆန်းလွန်းသလို အန္တရာယ်လည်း ကြီးမားလွန်းလို့ လူမှုကွန်ရက်စာမျက်နှာတွေထက် ပျံ့နှံ့သွားခဲ့ပါတယ်။
 
ကံကောင်းထောက်မစွာနဲ့ တောင်ဆန်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်မရရှိဘဲ ပွဲစဉ်အပြီး Instagram လူမှုကွန်ရက်မှတဆင့် ကစားသမားက "စတုတ်စီးတီးနဲ့ ရင်ဆိုင်ရတဲ့ အဝေးကွင်းပွဲစဉ်တွေဆိုတာ သိပ်မဆိုးလှဘူးလို့တောင် ယူဆရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတာကို သိချင်ရင် ဘေးကိုဆွဲကြည့်လိုက်ပါ" လို့ ဟာသလုပ် ရေးသားဖော်ပြခဲ့ပါတယ်။
 
အခုတော့ ဒီမတော်တဆမှုဖြစ်ရပ်ဆိုးနဲ့ပတ်သက်လို့ တောင်ဆန်က အခြားအခြေအနေမျိုးသာဆိုရင် ကစားသမားဘဝပါ အဆုံးသတ်သွားနိုင်လို့ အခုလို ဒဏ်ရာကြီးကြီးမားမားမရရှိဘဲ လွတ်မြောက်ခဲ့မှုအတွက် အလွန်ကံကောင်းခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
 
"ဒါကို ပြန်မြင်ရတိုင်း ကျွန်တော် ကြက်သီးထမိသလို မယုံနိုင်အောင်လည်း ဖြစ်ရပါတယ်။ ဘာတွေဖြစ်သွားနိုင်သလဲဆိုတာကို ပြန်ကြည့်ရတာ တကယ်ကို ကြောက်စရာကောင်းပါတယ်" လို့ တောင်ဆန်က ပြောပါတယ်။
 
"ကံကောင်းထောက်မစွာနဲ့ပဲ ကြိတ်စက်က ကျွန်တော့်အပေါ်ကနေ ဖြတ်သွားချိန်မှာ မြေပြင်ပေါ်ကို အချိန်ကိုက် လဲကျနိုင်ခဲ့လို့ ဘာအရိုးမှ ကျိုးမသွားခဲ့ပါဘူး။
 
ကျွန်တော့်စိတ်ထဲမှာ 'ငါ့ကစားသမားဘဝမှာ ဒီလိုမျိုး တစ်ခါမှမမြင်ဖူးပါဘူး၊ သူတို့ ဘာလုပ်နေကြတာလဲ' လို့ တွေးမိခဲ့တာကို မှတ်မိနေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သွေးပူလေ့ကျင့်ခန်းဆင်းဖို့ ညွှန်ကြားလာလို့ ဘာမှ ထွေထွေထူးထူး ထပ်မတွေးမိခဲ့ပါဘူး။
 
အဲဒီနောက် ကြိတ်စက်ကို နောက်တစ်ကြိမ် မြင်လိုက်ရချိန်မှာတော့ သူ့ရဲ့အောက်တည့်တည့်ဆီ ကျွန်တော် ရောက်နေခဲ့ပါပြီ။ ကံကောင်းတာက ကြီးကြီးမားမားထိခိုက်မှု မရှိခဲ့ပါဘူး။ အဖုအပိန့်နဲ့ အညိုအမဲစွဲတာ အနည်းငယ်ရှိခဲ့ပြီး ကံကောင်းစွာနဲ့ အန္တရာယ်ကင်းကင်း လမ်းလျှောက်ထွက်လာနိုင်ခဲ့ပါတယ်။
 
ကျွန်တော့်ရဲ့ ဘယ်ခြေကျင်းဝတ် ဒါမှမဟုတ် ဘယ်ဒူးဆစ် ကျိုးသွားတော့မယ်လို့ ထင်ခဲ့တာပါ။ ကျွန်တော့်ဘဝတော့ ပြီးပြီလို့တောင် တွေးမိခဲ့ပါတယ်။ ခြေထော့နင်းနဲ့ လမ်းလျှောက်ထွက်လာပြီး မိနစ်ပိုင်းအတွင်းမှာပဲ ပြန်လည်သက်သာလာခဲ့တာ အလွန်ကံကောင်းလွန်းပါတယ်" လို့ ဆက်ပြောပါတယ်။
 
အခုပွဲစဉ်မှာ တောင်ဆန်ရဲ့အသင်းဖြစ်တဲ့ PT Prachuap က ပတ္တနီအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တောင်ဆန်ကိုယ်တိုင်လည်း ပွဲချိန်နှောင်းပိုင်းမှာ လူစားဝင်ကစားခဲ့လို့ အသင်းဖော်တွေနဲ့ ပရိသတ်တွေ အံ့အားသင့်ခဲ့ပါတယ်။