အခုရာသီ၊ ချဲလ်ဆီးအသင်းမှာ မတူကွဲပြားတဲ့စွမ်းအင်မျိုး ရှိနေတယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ကိုးလ်ပယ်လ်မာ
ချဲလ်ဆီးကြယ်ပွင့်ကိုးလ်ပယ်လ်မာက စိတ်ပျက်စရာကောင်းခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအပြီး အခုဘောလုံးရာသီမှာတော့ အသင်းအတွက် ကွဲပြားခြားနားတဲ့ စွမ်းအင်မျိုး ရှိနေတယ်လို့ ယုံကြည်နေပါတယ်။
ချဲလ်ဆီးအတွက် ယမန်နှစ်ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီကို နှစ်ကျော့ပေါင်း ၇-၂ ဂိုးဖြင့် မရှုမလှရှုံးနိမ့်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယားအဆင့်-၁၀ နေရာနဲ့သာ အဆုံးသတ်ခဲ့လို့ မေ့ပစ်ချင်စရာ ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ နည်းပြသစ်အလွန်ဆို ရောက်ရှိလာသလို ကစားသမားအဝင်အထွက်တွေလည်း များပြားလာနေလို့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းပတ်ဝန်းကျင်မှာ အပြောင်းအလဲရဲ့အငွေ့အသက်တွေ ခံစားလာရပါတယ်။
လတ်တလောမှာလည်း ချဲလ်ဆီးအသင်းက ရာသီအဖွင့်ပွဲစဉ်နှစ်ခုလုံး အနိုင်ရရှိထားပြီး အသက် ၂၄ နှစ်အရွယ်ကြယ်ပွင့်တိုက်စစ်မှူးကိုယ်တိုင်လည်း လက်ရှိအခြေအနေကို ကျေနပ်ပျော်ရွှင်နေပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့၊ လူတန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ကာရာဘောင်ဖလားပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် ပယ်လ်မာက အခုဘောလုံးရာသီ၊ အသင်းမှာ ကွဲပြားခြားနားတဲ့စွမ်းအင်မျိုး ရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။
"လူတန်တောင်း ဘယ်လိုကစားမလဲဆိုတာ ကျွန်တော်တို့ သိရှိထားလို့ ခက်ခဲပါတယ်။ ဘယ်အဆင့်မှာမဆို ဘယ်ပြိုင်ဘက်နဲ့ဖြစ်ဖြစ် ရင်ဆိုင်ရပါစေ၊ အသင်းတစ်ခုက ခံစစ်ကို ပိတ်ဆို့ကစားနေမယ်ဆိုရင် ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ လူတန်အသင်းကိုလည်း ဂုဏ်ပြုရမပါမယ်။ ကောင်းမွန်သလောက် ခက်ခဲတဲ့ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်" လို့ သူက ပြောပါတယ်။
"နိုင်ပွဲတွေ၊ ဆုဖလားတွေကတော့ အန္တိမရည်မှန်းချက်ပါပဲ။ ဒါ အစောပိုင်းကာလပဲ ရှိသေးတယ်ဆိုတာ ကျွန်တော်တို့ သိပေမဲ့ ဆက်ပြီးကြိုးစားသွားပါမယ်။ နည်းပြကလည်း ကျွန်တော်တို့ကို ပွဲတိုင်းနဲ့ ပြိုင်ပွဲတိုင်းမှာ အနိုင်ရရှိဖို့အတွက်ပဲ ကစားသွားရမယ်လို့ ညွှန်ကြားထားပါတယ်" လို့ ပယ်လ်မာက ဆက်ပြောခဲ့ပါတယ်။