The network connection is lost.

Banner Image

လီဗာပူးအသင်းအတွက် ဘာကိုလာရဲ့ခြိမ်းခြောက်နိုင်မှုတွေကို အခုထက်မက ပိုမိုလိုချင်နေတဲ့ အီရာအိုလာ

အန်ဒိုနီအီရာအိုလာက လက်ကျန်ဘောလုံးရာသီတလျှောက်လုံး လီဗာပူးအသင်းအတွက် တောင်ပံနေရာနှစ်ခုလုံးမှာ ဘာကိုလာ ပါဝင်ကစာသွားလိမ့်မယ်လို့ ရှင်းပြခဲ့ပါတယ်။
 
ဘာကိုလာက ပြင်သစ်ဘီလူးကြီးပီအက်စ်ဂျီအတွက် ၁၅၂ ပွဲကစား၊ ၃၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃၅ ကြိမ်ပြုလုပ်ရင်း ချန်ပီယံလိဂ်ဆုဖလားနှစ်ကြိမ်အထိ ဆွတ်ခူးပြီးနောက် အသင်းမှ ထွက်ခွာလာခဲ့ပါတယ်။

လီဗာပူးကတော့ အခုနွေရာသီကာလမှာ ဒီတောင်ပံကစားသမားကို မာဆေးဆိုဒ်ဆီ ပြောင်းရွှေ့လာ‌အောင် စည်းရုံးနိုင်ခဲ့ပြီးနောက် ငါးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးပေါင် ၁၂၃ သန်းအထိ သုံးစွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ အန်ဖီးလ်ကွင်းမှာတော့ ကြိုးကြာနီတွေနဲ့ ဖူလ်ဟမ်တို့ ဂိုးမရှိသရေကျခဲ့ပြီး တိုက်စစ်ပိုင်းအစွယ်မရှိသလိုဖြစ်နေတဲ့ အီရာအိုလာရဲ့အသင်းအတွက် ဘာကိုလာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြန်ပါတယ်။
 
အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အီရာအိုလာရဲ့ရာသီအဖွင့်ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပေမဲ့ ပရိသတ်တွေကတော့ ဘာကိုလာရဲ့အကောင်းဆုံးခြေစွမ်းတွေ ထွက်ပေါ်လာမယ့်အချိန်ကို ဆက်လက်စောင့်မျှော်နေကြရပါတယ်။
 
ပွဲစဉ်အပြီး ဒီတောင်ပံကစားသမားနဲ့ပတ်သက်လို့ အီရာအိုလာက ဘာကိုလာမှာ တောင်ပံနှစ်ဖက်လုံးအတွက် ကစားဖို့ အရည်အသွေးရှိလို့ ကစားသမားရဲ့စွယ်စုံရအရည်အချင်းကို အသုံးချသွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
 
အီရာအိုလာက " ကျွန်တော်ကိုယ်တိုင်လည်း အကြိမ်များစွာ ပြောခဲ့ပြီးသွားပြီလို့ ထင်ပါတ်ယ။ ကျွန်တော်တို့ဆီမှာ တောင်ပံကစားသမားလေးဦး ရှိပါတယ်။ သူတို့တွေက ဘယ်တောင်ပံနေရာမှာ ကစားခဲ့ဖူးလို့ ရာသီမစခင်မှာဆိုရင် ကျွန်တော်တို့အတွက် ညာတောင်ပံထက် ဘယ်တောင်ပံကစားသမား ပိုများတယ်လို့ လူတွေ ပြောကောင်းပြောကြပါလိမ့်မယ်"
 
"တောင်ပံကစားသမားအားလုံးက ပြိုင်ဘက်အသင်းအခြေအနေ၊ သူတို့ကို ဘယ်နေရာမှာထားရင် ပိုပြီးခြိမ်းခြောက်နိုင်မလဲဆိုတဲ့ အချက်၊ ခံစစ်ပိုင်းလိုအပ်ချက်တွေနဲ့ ကျွန်တော်တို့ရဲ့လေ့လာဆန်းစစ်မှုတွေအပေါ် မူတည်ပြီး တောင်ပံနှစ်ဖက်လုံးမှာ ကစားကြရပါမယ်"
 
"ဘာကိုလာအပါအဝင် ကျွန်တော်တို့ရဲ့တောင်ပံကစားသမားလေးဦးလုံးက တောင်ပံနေရာနှစ်ခုလုံးမှာ ကစားခဲ့ဖူးပြီးသားပါ။ အခုရာသီတလျှောက်လုံးလည်း ဒီလိုပုံစံအတိုင်းပဲ ဆက်သွားပါမယ်" လို့ ဆိုပါတယ်။

ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ အကျိုးသက်ရောက်မှု သိပ်မရှိခဲ့တဲ့ ဘာကိုလာကို ပွဲချိန် ၇၂ မိနစ်မှာ အန်ဂူမိုဟာနဲ့ လူစားလဲလှယ်ခဲ့ပါတယ်။