The network connection is lost.

Banner Image

အာဆင်နယ်ရဲ့စောင့်ကြည့်မှုရှိနေချိန် လီဗာပူးနဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးမှု အဆင်ပြေချောမွေ့နေတယ်လို့ အန်ဂူမိုဟာဖွင့်ဟ

ကန့်လန့်ကာနောက်ကွယ် ဆွေးနွေးမှုတွေ ဆက်တိုက်ရှိနေလို့ အန်ဂူမိုဟာက လီဗာပူးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်သင့်ဖြစ်လာနိုင်ပါတယ်။

လီဗာပူးအသင်းက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း အန်ဂူမိုဟာရဲ့အသက် ၁၇ နှစ် ပြည့်မြောက်ချိန် ၂၀၂၈ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိမယ့် လက်ရှိစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ အခုတော့ မာဆေးဆိုဒ်ကလပ်က အသက် ၁၈ နှစ်အရွယ်ကစားသမားလေးအတွက် ကာလရှည်စာချုပ်သစ်တစ်ရပ် ပေးနိုင်ဖို့ လုပ်ဆောင်နေပါပြီ။

ပြီးခဲ့တဲ့တစ်နှစ်တာကာလအတွင်း စီနီယာအသင်းကြီးမှာ ထူးထူးခြားခြားတိုးတက်လာခဲ့မှုကြောင့် အသက် ၁၈ နှစ်ပြည့်မြောက်ချိန်၊ ကာလရှည်ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုခွင့်ရှိလာမယ့် ဒီလူငယ်ကြယ်ပွင့်လေးအတွက် စာချုပ်သစ်ကမ်းလှမ်းဖို့ဆိုတာ လီဗာပူးမှာ သံသယဖြစ်စရာမလိုတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ၊ ချက်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီးနောက် အင်္ဂလန်အတွက် တတိယမြောက်အသက်အငယ်ဆုံးကစားသမားဖြစ်လာတဲ့ အန်ဂူမိုဟာက ဆွေးနွေးမှုတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့ သူ့ရဲ့စာချုပ်အခြေအနေကို အခုသီတင်းပတ်အတွင်း ဖွင့်ဟလာပါတယ်။

သူက "ရိုးရိုးသားသားပြောရရင်တော့ အဲ့ဒီအရာအားလုံး ကျွန်တော့်အေးဂျင့်ဆီမှာပဲ ရှိပါသေးတယ်။ အရာအားလုံး အဆင်ပြေချောမွေ့နေတယ်လို့ ထင်ပေမဲ့ ကျွန်တော် သေချာမသိပါဘူး။ နောက်ဆုံးမှာတော့ ဘောလုံးကစားရင်း ခြေစွမ်းပြကာ သက်သေပြချင်ပါတယ်"

"ဒါကြောင့် ကျွန်တော် ဘောလုံးကစားရတာကို ပျော်မွေ့နေပြီး စာချုပ်နဲ့ဆိုင်တဲ့ ကိစ္စအားလုံးကိုတော့ စိတ်ထဲ သိပ်မထားပါဘူး။ ကျွန်တော်ရဲ့ ကလပ်အသင်းအတွက်၊ လီဗာပူးအတွက်ပဲ ကစားနေပြီး ဆက်လက်ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ပါတယ်"

"ကျွန်တော် ငယ်သေးလို့ ကလပ်အသင်းက ကျွန်တော့်ကို အကောင်းဆုံး ဂရုစိုက် စောင့်ရှောက်ပေးနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်ကစားသမားတချို့လည်း ရှိနေတာကြောင့် ပွဲထွက်ခွင့်နေရာအတွက် ယှဉ်ပြိုင်ရတာ မလွယ်ကူပါဘူး။ ဒါက ကောင်းမွန်တဲ့ယှဉ်ပြိုင်မှုတစ်ခုသာဖြစ်ပြီး နောက်ဆုံးမှာတော့ ကျွန်တော်တို့အားလုံး အသင်းကို အနိုင်ရရှိစေချင်ကြတာပါပဲ" လို့ ပြောပါတယ်။

အသက် ၁၆ နှစ်အရွယ်မှာ ပွဲဦးထွက်ပါဝင်ကစားခဲ့ပြီးနောက် အန်ဂူမိုဟာက လီဗာပူးအတွက် နှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးထားပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်ပြိုင်ဘက်အာဆင်နယ်အပြင် ဘိုင်ယန်မြူးနစ်တို့ပါ ဒီကစားသမားနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့လို့ စာချုပ်သစ်ကိစ္စက အသင်းအတွက် ဦးစားပေးကဏ္ဍတစ်ခု ဖြစ်လာခဲ့ပါတယ်။

အန်ဂူမိုဟာက တောင်ပံနေရာအတွက် ဂတ်ပို၊ မူနော့ဇ်၊ ဘာကိုလာတို့နဲ့ ပြိုင်ဆိုင်နေရပြီး ဒီလိုယှဉ်ပြိုင်မှုကြောင့် သူ့ရဲ့စွမ်းဆောင်ရည် ပိုမိုတိုးတက်လာဖို့ အထောက်အကူပြုပေးပါလိမ့်မယ်။