အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းငါးခုကို ရွေးထုတ်လိုက်တဲ့ မာသီးယက်စ်
လိုသာမာသီးယက်စ်က အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းငါးခုကို ရွေးချယ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကိုလည်း ထည့်သွင်းထားခဲ့ပါတယ်။
၂၀၂၆-၂၀၂၇ ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲကို အခုသီတင်းပတ်၊ အင်္ဂါနေ့မှာ စတင်ကျင်းပလာပြီး ဂျာမနီဂန္တဝင်ကစားသမား လိုသာမာသီးယက်စ်က အခုပြိုင်ပွဲမှာ ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံး အသင်းငါးခုကို ထုတ်ဖော်လိုက်ပါတယ်။
Sky Germany အတွက် ရေးသားတဲ့ ပင်တိုင်ဆောင်းပါးမှာ မာသီးယက်စ်က "ကျွန်တော့်အတွက်တော့ ဒီနှစ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ငါးသင်းရှိပါတယ်။ အဲဒါတွေကတော့ အာဆင်နယ်၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့ ဖြစ်ပါတယ်" လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့လည်း ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ ဘက်တစ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပတ်သက်လို့ သံသယအချို့ရှိတယ်လို့လည်း သူက ပြောပါတယ်။
"ရီးရဲလ်မက်ဒရစ်က အသင်းလိုက်စုစည်းမှုအပိုင်းမှာ ပိုမိုတိုးတက်ဖို့ လိုအပ်ပါသေးတယ်။ ဒါကို ပြီးခဲ့တဲ့သီတင်းပတ်၊ ဘက်တစ်နဲ့ပွဲစဉ်မှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရလို့ သူတို့အပေါ် သံသယဝင်စရာတွေ ရှိနေပါတယ်။ နည်းပြမော်ရင်ဟိုကိုယ်တိုင်လည်း ဒီကစားသမားတွေကို စုစည်းညီညွှတ်တဲ့အစုအဖွဲ့တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ပေးသွားရပါမယ်။ အမ်ဘာပေ သို့မဟုတ် ဗင်နီစီးယက်စ်နဲ့ပတ်သက်ပြီး ပြဿနာတွေ ထပ်ရှိလာမယ်ဆိုရင် သူတို့နှစ်ဦးအနက် တစ်ဦးဦးကို ပွဲထွက်လူစာရင်းမှ ချန်လှပ်ထားရကောင်း ထားရပါလိမ့်မယ်" လို့ ဆိုပါတယ်။
ဘိုင်ယန်မြူးနစ်ကစားသမားဟောင်းကြီးက မန်စီးတီး၊ လီဗာပူးနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ကိုလည်း ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းတွေအဖြစ် ထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကျွန်တော့်အတွက်တော့ ကျန်တဲ့ကလပ်လေးခုက အလားအလာရှိတဲ့ ချန်ပီယံလောင်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီး၊ လီဗာပူးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အိမ်ကွင်းအားသာချက်ရှိနေတဲ့ အက်သလက်တီကိုမက်ဒရစ်တို့လိုအသင်းတွေကလည်း အဆုံးအထိ တက်လှမ်းသွားနိုင်ပါတယ်။ ဒေါ့မွန်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်း၊ ဟော်ဖန်ဟိမ်းနဲ့ပွဲစဉ်မှာ သူတို့အတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာစမ်းသပ်မှုကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီထက် ချန်ပီယံလိဂ်မှာ ပိုမိုခရီးရောက်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုအချက်တွေဆိုတာ မဲခွဲမှုရလဒ်အပေါ်မှာလည်း မူတည်နေပြန်ပါတယ်" လို့ မာသီးယက်စ်က ရေးသားခဲ့ပါတယ်။