ဆေးစစ်မှုမအောင်မြင်လို့ အဲဗာတန်ဆီပြောင်းရွှေ့မယ့် အိပ်မက် ပျက်ပြယ်သွားတဲ့ ဘာလိုဂန်
မိုနာကိုအသင်းတိုက်စစ်မှူးဘာလိုဂန်က ပရီးမီးယားလိဂ်ကလပ်အဲဗာတန်ဆီ ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုခံယူရာမှာ ကျရှုံးခဲ့တယ်လို့ RMC Sport ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဒါက အသက် ၂၅ နှစ်အရွယ်အမေရိကန်တိုက်စစ်မှူးရဲ့ ယူရိုသန်း ၅၀ တန်အပြောင်းအရွှေ့အတွက် ကြီးမားတဲ့အတားအဆီး ဖြစ်ခဲ့ပါတယ်။ မိုနာကိုနဲ့ အဲဗာတန်တို့အကြား ကနဦးမှာ အာဆင်နယ်အကယ်ဒမီထွက်ကစားသမားအတွက် အပြောင်းအရွှေ့သဘောတူညီမှု ရရှိခဲ့ပေမဲ့ L'Equipe သတင်းစာရဲ့ဖော်ပြချက်အရ ဒီအပြောင်းအရွှေ့က ပျက်ပြယ်လုနီးပါး ဖြစ်သွားပြီလို့ သိရပါတယ်။ အပြောင်းအရွှေ့စျေးကွက်ပိတ်ရက်မှာ နောက်ထပ်ထူးခြားမှုတွေသာ မရှိလာရင် ဟေးလ်ဒစ်ကင်ဆန်ကွင်းဆီ ဘာလိုဂန်ရဲ့ပြောင်းရွှေ့မှု မဖြစ်လာနိုင်တော့ပါဘူး။
မိုနာကိုနည်းပြဖီလစ်ပီလူးဝစ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ဒဏ်ရာပြဿနာနဲ့အတူ ပါဝင်ကစားခဲ့တဲ့ ဘာလိုဂန်အတွက် ပြန်လည်သန်စွမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေရဆဲပဲလို့ မကြာသေးမီရက်ပိုင်းအတွင်း ပြောကြားခဲ့ပါတယ်။ အဲဗာတန်အသင်းဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ဘာလိုဂန်မှာ ရာနှုန်းပြည့်ကြံ့ခိုင်မှု မရှိနေဘူးလို့ ယူဆထားကြောင်း ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ သိရပါတယ်။ ဒါပေမဲ့ နယူးယောက်မြို့ဖွားကစားသမားနဲ့နီးစပ်သူတွေကတော့ ပွဲကစားဖို့အတွက် ဘာလိုဂန် အဆင်သင့်ဖြစ်နေပြီလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
အာဆင်နယ်တိုက်စစ်မှူးဟောင်းက မိုနာကိုအသင်းမှာ သုံးနှစ်ကြာ ဖြတ်သန်းခဲ့ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသေးပါတယ်။ သူက ပြင်သစ်လီဂူးဝမ်းကလပ်အသင်းအတွက် ၉၁ ပွဲပါဝင်ကစား၊ ၃၁ ဂိုး သွင်းယူပေးထားပါတယ်။