The network connection is lost.

Banner Image

ဆန်းဒါးလန်းရဲ့ပရီးမီးယားလိဂ်လမ်းစဉ်အတိုင်း လျှောက်လှမ်းကြဖို့ ကိုဗင်ထရီအသင်းကို တိုက်တွန်းလိုက်တဲ့ လမ်းပတ်

နောက်ဆုံး ၂၅ နှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လာမယ့်သောကြာနေ့၊ လက်ရှိချန်ပီယံအာဆင်နယ်အသင်းနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် ပြင်ဆင်နေချိန်မှာပဲ နည်းပြလမ်းပတ်က ကိုဗင်ထရီအသင်းကို တန်းတင်ကျန်ရစ်ရေးမူဘောင်အတိုင်း လျှောက်လှမ်းသွားကြဖို့  စိန်ခေါ်လိုက်ပါတယ်။

ကိုဗင်ထရီအသင်းက ပြီးခဲ့တဲ့ရာသီ၊ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ပရီးမီးယားလိဂ်ဆီ တန်းတက်လာပေမဲ့ လတ်တလောအလေးပေးမှုတွေအရ ရာသီကုန်၊ တန်းဆင်းရဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

ကိုဗင်ထရီနည်းပြလမ်းပတ်ကတော့ ယမန်နှစ်ဘောလုံးရာသီ၊ အဆင့် ၇ နဲ့ အဆင့် ၁၄ နေရာတို့မှာ ရပ်တည်ပြီး တန်းဆင်းဇုန်လွတ်မြောက်ခဲ့တဲ့ ဆန်းဒါးလန်းနဲ့ လိဒ်ယူနိုက်တက်တို့ရဲ့ပုံစံအတိုင်း ကစားနိုင်မယ်ဆိုရင် စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်နေပါတယ်။

"သူတို့က ပုံစံကို အနည်းငယ်ပြောင်းလဲခဲ့ကြပါတယ်။ ကျွန်တော်တို့အတွက် အဲ့ဒီအကြောင်းအရာတွေကို ဆန်းစစ်သွားဖို့ အရေးကြီးသလို အဲ့ဒီအသင်းနှစ်ခုကိုလည်း အများကြီးအာရုံစိုက်လေ့လာထားပါတယ်"

"ကျွန်တော်တို့ လုပ်ဆောင်တဲ့အရာအပေါ် ယုံကြည်မှု ရှိချင်ပါတယ်။ ပွဲစဉ်အလိုက် ကစားသမားတွေအတွက် မဟာဗျူဟာတွေ ချမှတ်ပေးဖို့ဆိုတာ ကျွန်တော်တို့ရဲ့ အလုပ်ဖြစ်ပြီး သူတို့ကလည်း ဒီနေရာကို ရောက်ရှိလာဖို့ ထိုက်တန်သူတွေ ဖြစ်ပါတယ်" လို့ လမ်းပတ်က အခုသီတင်းပတ်၊ ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။

ကိုဗင်ထရီအသင်းက လမ်းပတ်အတွက် ပိုမိုကောင်းမွန်တဲ့ အရည်အသွေးနဲ့ ကစားသမားအင်အား တောင့်တင်းစေဖို့ ကစားသမားသစ်ခုနစ်ဦးကို စုစုပေါင်းပြောင်းရွှေ့ကြေး ပေါင် ၁၂၀ သန်း (ဒေါ်လာ ၁၆၃ သန်း) ကျော် အသုံးပြုပြီး ခေါ်ယူပေးထားပါတယ်။

"တန်းတက်လာတဲ့အသင်းတွေအတွက်တော့ ကွာဟချက် ဘယ်လောက်ရှိလဲဆိုတာ သမိုင်းက သက်သေပြနေပါတယ်" လို့ လမ်းပတ်က ဆိုပါတယ်။

"ကျွန်တော်တို့ လုပ်ဆောင်ရမယ့်အရာတွေ ရှိနေတယ်ဆိုတာ သိပါတယ်။ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ပါးနပ်ပြီး မဟာဗျူဟာကျကျ ဟန်ချက်ညီညီ လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

ကျွန်တော်တို့က လက်ရှိမှာ ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုဆီသို့ တက်လှမ်းနေလို့ လေ့ကျင့်ရေးမှာရော ပွဲကစားချိန်မှာပါ ပြိုင်ဆိုင်မှုတွေ လိုအပ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကြောင့် နေရာအသီးသီးမှာ ကစားသမားသစ်တွေ ဖြည့်တင်းဖို့ လိုအပ်ခဲ့ပါတယ်" လို့ ချဲလ်ဆီးနည်းပြဟောင်းက ဆိုပါတယ်။

ကိုဗင်ထရီအသင်းရဲ့ ပရီးမီးယားလိဂ်ရေဆန်လမ်းက အောက်ခြေလိဂ်အဆင့်ဆင့်မှ အင်္ဂလန်ဘောလုံးလောကရဲ့ အမြင့်ဆုံးပြိုင်ပွဲဆီ အံ့အားသင့်ဖွယ် ပြန်လည်တက်လှမ်းနိုင်မှုကို မြင်တွေ့ရစေပါတယ်။

ကလပ်အသင်းက ၂၀၁၃ ခုနှစ်အတွင်း ကြွေးမြီတွေကြောင့် ဒေဝါလီခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်မှ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာအထိ နော်တမ်တန်ရဲ့အိမ်ကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုခဲ့ရသလို ၂၀၁၉ ခုနှစ်မှာလည်း ဘာမင်ဟမ်အသင်းနဲ့ နှစ်နှစ်ကြာ အိမ်ကွင်းပူးတွဲအသုံးပြုခဲ့ရပါတယ်။

"ပရီးမီးယားလိဂ်နဲ့ ၂၅ နှစ်ကြာ ကင်းကွာနေတဲ့ ကလပ်အသင်းတစ်ခုကို ကိုင်တွယ်ခွင့်ရပြီး ဒီနေရာဆီ ရောက်ရှိလာလို့ အလွန်စိတ်လှုပ်ရှားမိပါတယ်။ လက်ရှိအချိန်မှာ စိတ်လှုပ်ရှားစရာကောင်းပေမဲ့ ကျွန်တော်တို့က စိန်ခေါ်မှုတွေကိုကျော်ဖြတ်ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုးကို ပြသသွားချင်ပါတယ်" လို့ လမ်းပတ်က ဆိုပါတယ်။