The network connection is lost.

Banner Image

လာလီဂါရာသီသစ်မစတင်ခင် ရီးရဲလ်မက်ဒရစ်ကို အသင်းတစ်ခုအဖြစ် စုစည်းထားနိုင်ပြီလို့ မော်ရင်ဟိုပြောကြား

ရီးရဲလ်မက်ဒရစ်နည်းပြမော်ရင်ဟိုက ၂၀၂၆-၂၀၂၇ လာလီဂါဘောလုံးရာသီသစ်ကို အပေါင်းလက္ခဏာဆန်မှုဖြင့် စတင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ရီးရဲလ်မက်ဒရစ်က ၂၀၂၄ ခုနှစ်နောက်ပိုင်း ဆုဖလားလက်မဲ့ ဖြစ်လာပြီး အသင်းကို ဒုတိယအကြိမ်အဖြစ် ဦးဆောင်နိုင်ဖို့ ပေါ်တူဂီလူမျိုးဝါရင့်နည်းပြ မော်ရင်ဟိုကို ပြန်လည်ခေါ်ယူထားပါတယ်။

မော်ရင်ဟိုက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်၊ အိုင်ဗရီကို့စ်တောင်ပံကစားသမား ယန်ဒီအိုမန်ဒီ အပါအဝင် ကစားသမားသစ်ရှာဖွေဖို့အတွက် အပြောင်းအရွှေ့ဈေးကွက်အတွင်း အလုပ်များနေခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် သူ့ရဲ့ရာသီကြိုပြင်ဆင်မှုတွေ အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအဓိကကြယ်ပွင့်ကစားသမားအများစုက သြဂုတ် ၂၂ ရက်၊ အက်စ်ပန်ညိုနဲ့ရင်ဆိုင်ရမယ့် လာလီဂါရာသီအဖွင့်ပွဲစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှသာ လေ့ကျင့်ရေးကွင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းဗိုလ်စွဲမှုနဲ့အတူ အင်္ဂလန်၊ ပြင်သစ်တို့ ဆီမီးဖိုင်နယ်ရောက်ရှိမှုတွေကြောင့် မော်ရင်ဟိုအတွက် အခက်အခဲရှိစေပေမဲ့ ဘွန်ဒက်စ်လီဂါကလပ်ရှော်ကေးကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အပြီးမှာ အသင်းဆီပြန်လည်ပူးပေါင်လာတဲ့ ကစားသမားတွေရဲ့ အသားကျနိုင်စွမ်းအပေါ် ပေါ်တူဂီနည်းပြကိုယ်တိုင် ကျေနပ်နေခဲ့ပါတယ်။

"ကစားသမားတချို့ နောက်ကျမှပြန်ရောက်လာလို့ အသင်းမှာ စောစောစီးစီးရှိနေတဲ့သူတွေလောက် ကစားပုံပိုင်းမှာ အဆင်သင့်မဖြစ်သေးပါဘူး။ ကစားပုံအရှိန်အဟုန်ချင်း ကွာခြားနေသေးပေမဲ့ စနစ်တကျကစားနိုင်မှုတွေမှာတော့ တဖြည်းဖြည်း စုစည်းမိနေပါပြီ။

ကျွန်တော်တို့ဆီမှာ အံ့ဩစရာအရည်အသွေးရှိတဲ့ ကစားသမားတွေ ရှိပါတယ်။ ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးဆုံးရှုံးချိန်မှာပါ ကျွန်တော်တို့က အသင်းလိုက် ကောင်းကောင်း လုပ်ဆောင်နိုင်နေပါတယ်။ နောက်ဆုံးမှ ပြန်လည်ရောက်ရှိလာတဲ့ ကစားသမားတွေအတွက် မလွယ်ကူတဲ့ ကိစ္စဖြစ်ပေမဲ့ သူတို့အပေါ် ကျွန်တော် ကျေနပ်မိပါတယ်။

ကြီးမားတဲ့ကွာခြားမှုတွေကို ဖန်တီးပေးနိုင်ဖို့ဆိုတာ အသေးစိတ်အချက်အလက်လေးတွေအပေါ် မူတည်ပါတယ်။ အခုဆိုရင် အသင်းက အသင်းတစ်ခုရဲ့ပုံစံမျိုး စတင်ရရှိနေပါပြီ" လို့ မော်ရင်ဟိုက ဆိုပါတယ်။