လီဗာပူးရဲ့ရာသီကြိုအဓိကပြဿနာကို အခုထိ မဖြေရှင်းရသေးဘူးလို့ အီရာအိုလာဝန်ခံ
လီဗာပူးအသင်းက စီရီးအေကလပ်အသင်းကိုမိုနဲ့ နှစ်ပွဲဆက်ခြေစမ်းကစားပြီး ရာသီကြိုခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။
လီဗာပူးနည်းပြသစ်အန်ဒိုနီအီရာအိုလာအတွက်တော့ အခုနွေရာသီကာလအတွင်း အပြောင်းအရွှေ့ပစ်မှတ်အချို့နဲ့ လွဲချော်ခဲ့သလို ကွင်းတွင်းခြေစွမ်းပိုင်းမှာလည်း တည်ငြိမ်မှုရှိဖို့ ရုန်းကန်နေရလို့ ရလဒ်အမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ပါတယ်။
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အနားယူနေကြတဲ့ အဓိကကစားသမား အများအပြား မပါဝင်နိုင်ခဲ့တဲ့ အမေရိကန်ရာသီကြိုခရီးစဉ်မှာ အီရာအိုလာက အင်အားလျှော့ချထားတဲ့ ကစားသမားစာရင်းနဲ့ ခြေစမ်းပွဲသုံးပွဲကစားရာ နှစ်ပွဲ အနိုင်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ အဲ့ဒီနောက်ပိုင်း၊ အန်ဖီးလ်ကွင်းမှာ မိုနာကိုအသင်းကို ရှုံးနိမ့်ခဲ့ပြီး အိမ်ကွင်းမှာပဲ ဖာဘရီဂတ်စ်ရဲ့ကိုမိုအသင်းနဲ့ တစ်ပွဲသရေ၊ တစ်ပွဲနိုင် ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။
အီရာအိုလာက မိုနာကိုအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် သူ့ရဲ့ပြင်းထန်တဲ့ဖိအားပေးကစားဟန်ကို မိနစ် ၉၀ ပြည့်ထိန်းထားနိုင်ဖို့အတွက် ကစားသမားတွေရဲ့ကြံ့ခိုင်မှုအပေါ် စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပြီး ကိုမိုကို အနိုင်ရရှိခဲ့ပေမဲ့လည်း စပိန်လူမျိုးနည်းပြမှာ စိတ်ကျေနပ်မှု အပြည့်အ၀မရှိခဲ့ပါဘူး။
"ဂိုးမပေးရဘဲ ပွဲကို အနိုင်ယူအဆုံးသတ်နိုင်ခဲ့တဲ့ ခံစားချက်မျိုး ကျွန်တော်တို့အတွက် အနည်းငယ်လိုအပ်ခဲ့တယ်လို့ ထင်ပါတယ်။
ဒါပေမဲ့ ပထမပိုင်းက ဒုတိယပိုင်းထက် ပိုကောင်းခဲ့ပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်တော်တို့ရဲ့အသင်းတည်ဆောက်ပုံကို ထိန်းထားနိုင်ခဲ့ပြီး ပေးဂိုးမရှိဘဲ ပွဲပြီးဆုံးအောင် ကစားနိုင်ခဲ့ပါတယ်။ ရာသီမစတင်ခင် ဒါမျိုးကို ကျွန်တော်တို့ လိုအပ်ခဲ့တယ်လို့ ထင်ပါတယ်။
ကျွန်တော်တို့က ပြီးခဲ့တဲ့သီတင်းပတ်ထက် ပိုကောင်းလာပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ပိုပြီးကောင်းလာဦးမယ်လို့ မျှော်လင့်ပါတယ်။ ဒါ သဘာ၀ကျပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ပထမပိုင်းကစားပုံတွေက ဒုတိယပိုင်းကစားပုံတွေထက် ပိုပြီးကောင်းနေဆဲပါပဲ။ ဒါ တိုးတက်မှုတစ်ခုဖြစ်ပေမဲ့ ဒီထက်ပိုကောင်းအောင် လုပ်သွားဖို့ လိုအပ်နေပါသေးတယ်။
ကျွန်တော်တို့ အတူတူ လေ့ကျင့်ဖို့ လိုပါတယ်။ ကစားသမားတွေကိုယ်တိုင် နားလည်မှု တည်ဆောက်ဖို့နဲ့ ကွင်းတွင်းပြဿနာတွေကို သူတို့ဘာသာ ဖြေရှင်းနိုင်ဖို့ လိုအပ်သလို အထူးသဖြင့် ဒုတိယပိုင်းတွေမှာ ပိုမိုကောင်းမွန်အောင် ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတာကိုလည်း ဆန်းစစ်ရပါမယ်။ ဒီလိုကိစ္စတွေအတွက် အချိန်ယူရပါလိမ့်မယ်။ လာမယ့် နှစ်ပတ်၊ သုံးပတ်ကိုတော့ လိဂ်ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်တဲ့နေရာမှာ အသုံးပြုသွားနိုင်ပါတယ်" လို့ အီရာအိုလာက ဆိုပါတယ်။
လီဗာပူးအသင်းက ၂၀၂၆-၂၀၂၇ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၂၃ ရက်၊ တနင်္ဂနွေနေ့မှာ နယူးကာဆယ်အသင်းနဲ့ အဝေးကွင်းဆီ သွားရောက်ယှဉ်ပြိုင်ကစားရပါမယ်။