ဂါလာတာစာရေးအသင်းရဲ့ စွဲမက်ဖွယ်ကမ်းလှမ်းမှုအပြီး ဘရူနိုဖာနန်ဒက်စ်ကို စာချုပ်သစ်ပေးဖို့ စတင်လာတဲ့ ယူနိုက်တက်
တူရကီထိပ်သီးကလပ်ဂါလာတာစာရေးအသင်းရဲ့ စွဲမက်စရာကမ်းလှမ်းမှု ထွက်ပေါ်လာပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းက သူတို့ရဲ့အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို စာချုပ်သစ်ပေးဖို့အတွက် စတင်ဆွေးနွေးနေပြီလို့ သတင်းတွေအရ သိရပါတယ်။
အသက် ၃၁ နှစ်အရွယ်ကစားသမားရဲ့ မန်ချက်စတာယူနိုက်တက်စာချုပ်သက်တမ်းက နောက်ဆုံးနှစ်အတွင်း ဝင်ရောက်လာနေပေမဲ့ နောက်ထပ် ၁၂ လ သက်တမ်းတိုးနိုင်မယ့် သဘောတူညီချက်လည်း ရှိနေပြန်ပါတယ်။
တူရကီထိပ်သီးကလပ်ဂါလာတာစာရေးကတော့ ဒီလိုမရေမရာဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူဖို့ မျှော်လင့်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ကို တစ်နှစ်လုပ်ခ ယူရို ၂၀ သန်းအပြီး ရရှိမယ့် မယုံနိုင်စရာကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
အခုနွေရာသီအစောပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပြည်ပကလပ်အသင်းတွေအတွက် ယူရို ၆၅ သန်းတန်အခွင့်အရေးရှိခဲ့ပေမဲ့ လတ်တလောမှာတော့ ဒီသတ်မှတ်ချက် သက်တမ်းကုန်ဆုံးသွားခဲ့ပါပြီ။
လက်ရှိမှာ ယူနိုက်တက်က သူတို့ရဲ့အသင်းခေါင်းဆောင်ကို စာချုပ်သစ်ချုပ်ဆိုဖို့ စတင်ဆွေးနွေးနေပြီး ဘရူနိုဖာနန်ဒက်စ်ကိုယ်တိုင်လည်း အိုးထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေဖို့ ဆန္ဒပြင်းပြနေတယ်လို့ The Athletic သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဘရူနိုဖာနန်ဒက်စ်က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း စပို့တင်းလစ္စဘွန်းမှ ရောက်ရှိလာပြီးနောက် သရဲနီတွေအတွက် ၃၂၇ ပွဲကစား၊ ၁၀၇ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၀၅ ကြိမ်အထိ ပြုလုပ်ခဲ့လို့ ဆာအဲလက်စ်ဖာဂူဆန်ခေတ်လွန် ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။
သူက ယမန်နှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃၅ ပွဲကစား၊ ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်ကာ လိဂ်ရဲ့ဂိုးဖန်တီးမှုစံချိန်ကို ချိုးဖျက်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွက် FWA တစ်နှစ်တာအကောင်းဆုံးကစားသမားဆု (FWA Player of the Year)ကို ဆွတ်ခူးရရှိခဲ့ပါတယ်။