The network connection is lost.

Banner Image

အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုမယ်လို့ အရိပ်အမြွက်ပြောဆိုလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြအာတီတာက သူ့ရဲ့စာချုပ်သက်တမ်း နောက်ဆုံးနှစ်ဆီ ဝင်ရောက်လာပြီဖြစ်ပေမဲ့ ပရီးမီးယားလိဂ်ချန်ပီယံအသင်းမှာပဲ ဆက်ရှိနေဖို့ စိတ်ကူးထားတာကြောင့် ပရိသတ်တွေ စိတ်ပူစရာမလိုပါဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

အာတီတာက အာဆင်နယ်အသင်းရဲ့ ၂၂ နှစ်ကြာပရီးမီးယားလိဂ်ချန်ပီယံဆုငတ်မွတ်နေမှုကို အဆုံးသတ်ကာ ပြီးခဲ့တဲ့မေလမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒီလို သမိုင်းဝင်အောင်မြင်မှုအတွက် ဆုလာဘ်အဖြစ် သူ့ကို စာချုပ်သစ်ပေးလိမ့်မယ်လို့ လူတိုင်း မျှော်လင့်ထားကြပါတယ်။

အာဆင်နယ်က လာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် ယှဉ်ပြိုင်ကစားပြီး ၂၀၂၆-၂၀၂၇ ဘောလုံးရာသီကို ဖွင့်လှစ်ဖို့ ရှိပေမဲ့ အခုအချိန်ထိတော့ စပိန်လူမျိုးနည်းပြရဲ့ စာချုပ်သစ်လက်မှတ်ရေးထိုးမှု ပေါ်ပေါက်လာမယ့် အရိပ်အယောင် သိပ်မတွေ့ရသေးပါဘူး။ ။

ဒါပေမဲ့ ၂၀၁၉ ခုနှစ်မှာ အာဆင်နယ်ဆီရောက်လာခဲ့တဲ့ အာတီတာက နောက်ဆုံးစာချုပ်ကို ၂၀၂၄ ခုနှစ်မှာ ချုပ်ဆိုခဲ့ပြီး နောက်ထပ်စာချုပ်သစ်တစ်ခုကိုလည်း သေချာပေါက် ချုပ်ဆို ဖြစ်မယ်လို့ ယုံကြည်နေပါတယ်။

"ဒီကိစ္စတွေအတွက် ပရိသတ်တွေ စိုးရိမ်နေစရာ ဘာမှမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဒီမှာပဲ ဆက်ရှိနေချင်လို့ပါ" လို့ သောကြာနေ့မှာ အာတီတာက သတင်းထောက်တွေကို ပြောပါတယ်။

"ကျွန်တော် တကယ်ပျော်ရွှင်နေပါတယ်။ အတူတွဲလုပ်နေရသူတွေကိုလည်း တကယ်ကို ကျေးဇူးတင်မိသလို အခွင့်အခါသင့်မယ်ဆိုရင် ဒီစာချုပ်ကိစ္စကို အေးအေးဆေးဆေး ဖြေရှင်းသွားပါမယ်။ ဒါပါပဲ" လို့ သူက ဆိုပါတယ်။