မန်စီးတီးဆီ အန်ဇိုဖာနန်ဒက်ဇ်ကို လက်လွှတ်လိုက်ရမယ်ဆိုရင် ဇူဘီမန်ဒီနဲ့ အစားထိုးသွားဖို့ ပြင်ဆင်ထားတဲ့ ချဲလ်ဆီး
ပရီးမီးယားလိဂ်နွေရာသီအပြောင်းအရွှေ့စျေးကွက် နောက်ဆုံးသီတင်းပတ်တွေမှာတော့ ကြီးမားတဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေ မြင်တွေ့လာရနိုင်ပါတယ်။
စပိန်အသင်းခေါင်းဆောင်ရိုဒရီကို ဘာစီလိုနာအသင်း စိတ်ဝင်စားနေမှုကြောင့် ကွင်းလယ်ပိုင်းအပြောင်းအလဲတွေ ဆက်တိုက်ဖြစ်ပေါ်လာမယ့် အခြေအနေ ရှိနေပါတယ်။ မန်စီးတီးနည်းပြအန်ဇိုမာရက်စ်ကာကလည်း အသင်းဟောင်းချဲလ်ဆီးဆီမှ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်လာနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်နဲ့ ကမ္ဘာ့ဖလားအလွန် ကာလတွေမှာလည်း အသင်းမှထွက်ခွာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သူဖြစ်ပြီး ချဲလ်ဆီးအသင်းဘက်ကလည်း သြဂုတ် ၁၅ ရက်မတိုင်ခင် ကစားသမားအတွက် ပေါင်သန်း ၁၂၀ ဝန်းကျင်ကမ်းလှမ်းမှုရှိလာရင် လက်ခံစဉ်းစားပေးသွားဖို့ ပြင်ဆင်နေပါတယ်။
ရိုဒရီနဲ့ ဘာစီလိုနာတို့အကြား အပြောင်းအရွှေ့ဖြစ်ပေါ်လာပြီး မန်ချက်စတာဆီ အန်ဇိုဖာနန်ဒက်ဇ် ပြောင်းရွှေ့သွားမယ်ဆိုရင် ချဲလ်ဆီးအသင်းကွင်းလယ်ပိုင်းမှာ ကစားသမားအင်အားလိုအပ်ချက်တွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် အာဆင်နယ်ကွင်းလယ်လူဇူဘီမန်ဒီကို ခေါ်ယူဖို့ဆိုတာလည်း ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဇူဘီမန်ဒီကိုယ်တိုင်လည်း အတိတ်ကာလ၊ ရီးရဲလ်ဆိုစီဒက်မှာ နည်းပြအလွန်ဆိုနဲ့ လက်တွဲခဲ့ဖူးပါတယ်။ ဒါ့အပြင် ဘရူနိုဂူမာယေးစ်ရောက်ရှိလာမှုကြောင့် ဇူဘီမန်ဒီရဲ့နေရာအတွက်လည်း ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေမျိုးဆီ ရောက်ရှိနေပါတယ်။
အသက် ၂၇ နှစ်အရွယ်ဇူဘီမန်ဒီက မြောက်လန်ဒန်ကစားသမားဘ၀၊ ဗွေဆော်ဦးဘောလုံးရာသီမှာ ၅၇ ပွဲကစား၊ ခြောက်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ သူက စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားဗိုလ်စွဲပြီးနောက် ရာသီကြိုလေ့ကျင့်ရေးတွေမှာ အသားတကျဖြစ်ဖို့ ပြန်လည်ကြိုးစားနေရပါတယ်။
ယမန်နှစ်နွေရာသီ၊ အာဆင်နယ်ဆီ မပြောင်းရွှေ့ခင်မှာလည်း ရီးရဲလ်မက်ဒရစ်က ဇူဘီမန်ဒီကို ကမ်းလှမ်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဇူဘီမန်ဒီသာ အာတီတာရဲ့အစီအစဉ်တွေမှာ သူ့အတွက် နေရာမရှိဘူးလို့ ခံစားလာရမယ်ဆိုရင် ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့အကြား အပြောင်းအရွှေ့တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာနိုင်ပါတယ်။