The network connection is lost.

Banner Image

အခုသီတင်းပတ်အတွင်း ဂျာမနီလက်ရွေးစင်အသင်းနည်းပြသစ်ရာထူးကို လက်ခံဖွယ်ရှိတဲ့ ယာဂန်ကလော့ပ်

ဂျာမနီအသင်းက သူတို့ရဲ့နည်းပြသစ်အဖြစ် ယာဂန်ကလော့ပ်ကို အခုသီတင်းပတ်အတွင်းမှာ တရားဝင်ကြေညာသွားဖို့ ရှိနေပါတယ်။

ဂျာမနီအမျိုးသားလက်ရွေးစင်အသင်းရဲ့နည်းပြသစ် ဖြစ်လာဖို့အတွက် ကလော့ပ်နဲ့ မူအားဖြင့် သဘောတူညီမှု ရရှိထားပြီလို့လည်း လွန်ခဲ့တဲ့သီတင်းပတ်တွေကတည်းက သတင်းတွေ ထွက်ပေါ်ခဲ့ပြီးပါပြီ။

ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်မှာ ပါရာဂွေးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ကာ စိတ်ပျက်ဖွယ်ထွက်ခွာလာရပြီးနောက် ဂျာမနီလက်ရွေးစင်အသင်းနည်းပြရာထူးအတွက် နာဂယ်စ်မန်းရဲ့နေရာမှာ ယာဂန်ကလော့ပ်က အစားထိုးတာဝန်ယူသွားပါလိမ့်မယ်။

ကလော့ပ်က လီဗာပူးအသင်းကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ ရရှိအောင် ဦးဆောင်ပေးခဲ့ပြီးနောက် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကုန်ဆုံးချိန်၊ အသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။ လီဗာပူးမှထွက်ခွာလာပြီးနောက် ကလော့ပ်က နည်းပြအလုပ်နဲ့ ဝေးကွာနေခဲ့ပြီး Red Bull ရဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူခဲ့သလို အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဂျာမန်ရုပ်သံလိုင်းတစ်ခုအတွက် ဘောလုံးသုံးသပ်သူအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

သတင်းထောက်ဖလော်ရီယန်ပလက်တန်ဘတ်ချ်ရဲ့အဆိုအရ ဂျာမနီအသင်းကို ကိုင်တွယ်ဖို့ ကလော့ပ်ကိုယ်တိုင် အသေအချာပြင်ဆင်နေပြီး လာမယ့်သောကြာနေ့မှာ တရားဝင်ရာထူးခန့်အပ်မှုကြေညာချက် ထွက်ပေါ်လာလိမ့်မယ်လို့ သိရပါတယ်။

ပလက်တန်ဘတ်ချ်က "နာဂယ်စ်မန်းရဲ့နေရာမှာ ကလော့ပ်က ဂျာမနီရဲ့ နည်းပြသစ် ဖြစ်လာပါလိမ့်မယ်။ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ သဘောတူညီမှု အပြည့်အ၀ ရရှိထားပါတယ်။ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) နဲ့ Red Bull ကြားမှာလည်း ကလော့ပ်ရဲ့လုပ်ငန်းတာဝန်အတွက် မူအားဖြင့် သဘောတူညီမှု ရထားပါပြီ" လို့ ဆိုပါတယ်။

"ပြီးခဲ့တဲ့စနေနေ့၊ ကလော့ပ်နဲ့ Red Bull အကြီးအကဲ အိုလီဗာမင့်ဇ်လက်ဖ်တို့ နယူးယောက်ရဲ့လျှို့ဝှက်တစ်နေရာမှာ တွေ့ဆုံခဲ့ပြီး ကလော့ပ်ရဲ့နုတ်ထွက်မှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို အပြီးသတ်ဆွေးနွေးခဲ့ကြပါတယ်။ ကလော့ပ်နဲ့ သူ့ရဲ့စီးပွားလုပ်ငန်းဖော်တွေအကြား နောက်ဆုံးအဆင့်အသေးစိတ်ဆွေးနွေးမှုတွေကိုတော့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး စာရွက်စာတမ်းတွေနဲ့အတူ အချောသတ်သွားပါလိမ့်မယ်" လို့လည်း ပလက်တန်ဘတ်ချ်က ပြောပါတယ်။

"အရာအားလုံး စီစဉ်ထားတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် ကလော့ပ်က သောကြာနေ့၊ ဖရန့်ဖတ်မြို့မှာ စာချုပ်ကို လက်မှတ်ရေးထိုးသွားပြီး အဲ့ဒီနေ့မှာပဲ တရားဝင်ထုတ်ပြန်ကြေညာသွားပါလိမ့်မယ်။ DFB ရဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း အဲဒီနေ့မှာပဲ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်" လို့ သိရပါတယ်။

လေးနှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုသွားမယ့် ကလော့ပ်က ယူရို ၂၀၂၈ နဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဂျာမနီအသင်းကို ဦးဆောင်သွားပါလိမ့်မယ်။