ကမ္ဘာ့ဖလားကြယ်ပွင့်မန်ဇမ်ဘီအတွက် နယူးကာဆယ်ကို ကျော်ဖြတ်သွားနိုင်ဖွယ်ရှိတဲ့ အက်စတွန်ဗီလာ
နယူးကာဆယ်အသင်းရဲ့ပစ်မှတ်၊ ဆွစ်ဇာလန်ကြယ်ပွင့်မန်ဇမ်ဘီကို အက်စတွန်ဗီလာအသင်းက ကြားဖြတ်ခေါ်ယူဖို့ လုပ်ဆောင်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၀ နှစ်အရွယ်ကစားသမားက ဆွစ်ဇာလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ အံ့အားသင့်လောက်စရာ ခြေစွမ်းပြသခဲ့ပြီးနောက် နယူးကာဆယ်ဆီ ပြောင်းရွှေ့ဖို့ သေချာသလောက် ဖြစ်နေခဲ့ပါတယ်။ နည်းပြအက်ဒီဟိုဝီရဲ့အသင်းက မန်ဇမ်ဘီအတွက် ဖရိုင်းဘတ်နဲ့ ပေါင် ၅၂ သန်းတန် သဘောတူညီမှုကိုတောင် ရရှိထားခဲ့ပါတယ်။
ဒါပေမဲ့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုကိုတော့ မရရှိထားလို့ နယူးကာဆယ်က သူတို့ရဲ့အဓိကပစ်မှတ်ကစားသမားတစ်ဦးကို နောက်တစ်ကြိမ် လက်လျှော့လိုက်ရပါတော့မယ်။
အရင်ကလည်း နယူးကာဆယ်က ဗစ်တာမူနော့ဇ်ကိုခေါ်ယူဖို့ကြိုးပမ်းချိန် အိုဆာဆူနာအသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပေမဲ့ နောက်ဆုံးမှာ ကစားသမားက လီဗာပူးဆီပြောင်းရွှေ့ဖို့ပဲ ဆုံးဖြတ်သွားပါတယ်။
The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ ပရီးမီးယားလိဂ်ပြိုင်ဘက်အက်စတွန်ဗီလာအသင်းကလည်း မန်ဇမ်ဘီရဲ့အပြောင်းအရွှေ့ဇာတ်လမ်းဆီ ကြားဖြတ်ဝင်ရောက်လာပြီး ကစားသမားကိုခေါ်ယူနိုင်ဖို့အတွက် အပြီးသတ်လုပ်ဆောင်နေပြီလို့ သိရပါတယ်။