The network connection is lost.

Banner Image

နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးဆုတံဆိပ် ရရှိခဲ့ပြီးနောက် အင်္ဂလန်ကစားသမားတွေ ဂုဏ်ယူနိုင်မယ်လို့ မျှော်လင့်နေတဲ့ တူချယ်

အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က သူ့ရဲ့ကစားသမားတွေအတွက် ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့လွဲချော်ခဲ့ပေမဲ့ တတိယနေရာရရှိခဲ့မှုကြောင့် တစ်ချိန်ချိန်မှာ ဂုဏ်ယူစွာ ပြန်ပြောင်းတွေးမိနေစေရန် မျှော်လင့်မိတယ်လို့ ပြောကြားလိုက်ပါတယ်။

ယမန်နေ့(စနေနေ့)၊ မိုင်ယာမီကွင်းတတိယနေရာလုပွဲမှာ အင်္ဂလန်က ပြင်သစ်ကို ၆-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒါက ၁၉၆၆ ခုနှစ်၊ အိမ်ရှင်အဖြစ် ကမ္ဘာ့ဖလားချန်ပီယံပြီးနောက် အင်္ဂလန်အတွက် အကောင်းဆုံးရလဒ်လည်း ဖြစ်ပါတယ်။

"နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးရတဲ့ ဆုတံဆိပ်ဖြစ်သလို ပြည်ပမြေမှာ ကစားခဲ့တဲ့ အကောင်းဆုံး ကမ္ဘာ့ဖလား ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားတွေက တစ်ချိန်ချိန်မှာ ဒါကို ဂုဏ်ယူနိုင်ကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

"ကျွန်တော်တို့က အမြဲတမ်းနိုင်လိုစိတ် ပြင်းထန်သူတွေဆိုတော့ အခုလို တတိယရတာကိုတောင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဖို့ ဝန်လေးနေကြပါတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ၁၈ လကတည်းက ကျွန်တော်တို့ရဲ့ရည်မှန်းချက်က ဗိုလ်လုပွဲတက်ပြီး ကမ္ဘာ့ဖလားကို သိမ်းပိုက်ဖို့ပဲလေ။ အဲဒါနဲ့ လွဲချော်သွားတဲ့အခါ ခံစားရတဲ့ နာကျင်မှုကတော့ အကြာကြီး ရှိနေပါဦးမယ်" လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ အာဂျင်တီးနားကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း ဦးဆောင်ဂိုးရရှိပြီးနောက် ခံစစ်ပိတ်ကစားခဲ့တဲ့ တူချယ်ရဲ့နည်းဗျူဟာပိုင်းနဲ့ပတ်သက်လို့ ဝေဖန်သံတွေ အများကြီး ထွက်ပေါ်ခဲ့ပါတယ်။

"မနေ့က သတင်းစာရှင်းလင်းပွဲမှာဆိုရင် ကျွန်တော်တို့က အုပ်စုအဆင့်မှာတင် တစ်ပွဲမှမနိုင်ဘဲ ထွက်လိုက်ရသလိုမျိုး ခံစားခဲ့ရပါတယ်၊ တကယ်ပြောတာပါ" လို့ ဂျာမန်နည်းပြကြီးက ဆိုပါတယ်။

"အကောင်းဆုံးလုပ်နိုင်တာကတော့ ကွင်းထဲမှာ ခြေစွမ်းပြပြီး နောက်တစ်ပွဲနိုင်အောင်ကစားပြဖို့ပါပဲ။ ကျန်တာတွေကတော့ စကားပြောနေတာတွေပဲလေ၊ စကားပြောရုံနဲ့တော့ အမှတ်လည်းမရသလို နိုင်ပွဲလည်း မရပါဘူး။ အခုလို အသင်းသားတွေက နိုင်ပွဲနဲ့အတူ ပြန်လည်တုံ့ပြန်ပြနိုင်ခဲ့လို့ ကျွန်တော် တကယ်ဝမ်းသာသလို တကယ့်ကို အထင်ကြီးစရာလည်း ကောင်းပါတယ်"လို့ ဆက်ပြောပါတယ်။

စနေနေ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဆာကာကို ဆီမီးဖိုင်နယ်မှာ ဘာကြောင့်အသုံးမပြုခဲ့တာလဲဆိုတဲ့ မေးခွန်းတွေကိုလည်း တူချယ် ရင်ဆိုင်ခဲ့ရပါတယ်။

"သူ့ကို ဆီမီးဖိုင်နယ်မှာ ချန်ထားခဲ့ဖို့ဆိုတာ ကျွန်တော့်အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ဒါပေမဲ့ သူက ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ခြေဖနောင့်ကြောဒဏ်ရာကြောင့် ရုန်းကန်နေခဲ့ရလို့ ကျွန်တော် သတိထားခဲ့တာပါ" လို့ တူချယ်က ရှင်းပြပါတယ်။

"အာဂျင်တီးနားနဲ့ပွဲစဉ်မှာတော့ မော်ဂန်ရိုဂျာစ်ရဲ့ခန္ဓာကိုယ်တောင့်တင်းမှုက ကျွန်တော်တို့ကို အထောက်အကူ တစ်ခုခုပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ယူဆခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ဆာကာကိုလည်း သွေးပူလေ့ကျင့်ခန်း အကြိမ်ကြိမ်လုပ်ခိုင်းခဲ့ပါသေးတယ်။ လူစားလဲဖို့ အဆင်သင့်ပါပဲ၊ ဒါပေမဲ့ ပွဲက အရမ်းကို ကမောက်ကမတွေ ဖြစ်သွားခဲ့လို့ နောက်ဆုံးမှာ တခြားနည်းလမ်းကိုပဲ ရွေးချယ်လိုက်ရပါတယ်"

"ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဘာမှမပြောင်းလဲပါဘူး။ ဆာကာဆိုတာ တကယ့်ကို ထက်မြက်ထူးချွန်တဲ့ ကစားသမားတစ်ဦးဖြစ်သလို ကျွန်တော်တို့အတွက် အဓိကကျတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ သူကိုယ်တိုင် ထပ်ပြီး သက်သေပြခဲ့လို့ သူ့အတွက်လည်း ဝမ်းသာမိပါတယ်" လို့ တူချယ်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။