မိုဒရစ်ကို ပထမဦးစားပေးအဖြစ် သတ်မှတ်ထားတဲ့ တကျော့ပြန်ခရိုအေးရှားနည်းပြ ဘီလစ်
ခရိုအေးရှားအသင်းနည်းပြသစ်ဆလာဗန်ဘီလစ်က သူ့ရဲ့ပထမဆုံးအလုပ်ကိစ္စအဖြစ် မိုဒရစ်ကို လက်ရွေးစင်အသင်းအတွက် ဆက်ကစားပေးဖို့ တိုက်တွန်းသွားမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဘီလစ်က ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ကိုးနှစ်ကြာတာဝန်ယူခဲ့တဲ့နည်းပြရာထူးကို စွန့်လွှတ်သွားတဲ့ ဒါလစ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာပါတယ်။ ဒါက အသက် ၅၇ နှစ်အရွယ်နည်းပြအတွက် ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးတဲ့ ခရိုအေးရှားအသင်းဆီ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာမှုလည်း ဖြစ်ပါတယ်။
သူ့ကိုနည်းပြသစ်အဖြစ် မိတ်ဆက်တဲ့အခမ်းအနားမှာ ဘီလစ်က အခုအေစီမီလန်အတွက် ကစားပေးနေတဲ့ ကွင်းလယ်လူမိုဒရစ်ကို ဖိအားပေးသွားဖို့မရှိဘဲ လေးလေးစားစားချဉ်းကပ်သွားမယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။
မိုဒရစ်ရဲ့လက်ရွေးစင်ကစားသမားဘ၀အနာဂတ် မရေမရာဖြစ်နေပေမဲ့လည်း ခရိုအေးရှားအသင်းကပ္ပတိန်နဲ့ ပွဲစဉ်အများဆုံးကစားထားသူကို အသင်းအတွက် ဆက်ပြီး ကိုယ်စားပြုပေးနိုင်ရေး နည်းပြသစ်ကိုယ်တိုင် စည်းရုံးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
"ကျွန်တော့်ရဲ့ပထမဆုံးခြေလှမ်းကတော့ ပြင်ဆင်စရာလေးတွေ ရှိနေသေးတဲ့ အသင်းရဲ့ အခြေစိုက်နေရာကို စနစ်တကျပြန်ဖွဲ့စည်းသွားဖို့ပါပဲ။ ဒုတိယခြေလှမ်းကတော့ ကစားသမားတွေနဲ့ စကားပြောဖို့ဖြစ်ပြီး အထူးသဖြင့် မိုဒရစ်နဲ့ စကားပြောသွားပါမယ်" လို့ ဘီလစ်က ဆိုပါတယ်။
"မိုဒရစ်.. ဘယ်လိုလူမျိုးလဲဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ သူက ဘောလုံးလောကနဲ့ လက်ရွေးစင်အသင်းအတွက် ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို ကြည့်ရင် ဆုံးဖြတ်ချက်ကတော့ သူ့အပေါ်မှာပဲ လုံးဝ မူတည်ပါတယ်။ သူက ကျွန်တော်တို့ လက်ရွေးစင်အသင်းသမိုင်းမှာ အကောင်းဆုံးကစားသမားဆိုတာထက်တောင် အများကြီး ပိုပါတယ်" လို့ ဘီလစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။