The network connection is lost.

Banner Image

မက်ဆီတစ်ဦးတည်းအကြောင်း ပြောနေရုံနဲ့ မရပါဘူးလို့ အာဂျင်တီးနားနဲ့ရင်ဆိုင်ရမယ့် ဆီမီးဖိုင်နယ်မတိုင်ခင် ပစ်ဖို့ဒ်ပြောဆို

ဂျော်ဒန်ပစ်ဖို့ဒ်က မက်ဆီဦးဆောင်လာမယ့် အာဂျင်တီးနားကို အနိုင်ယူပြီး ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲဆီ တက်လှမ်းဖို့ အင်္ဂလန်အသင်း အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားလိုက်ပါတယ်။

စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီဆီမီးဖိုင်နယ်ပွဲစဉ်မှာ မက်ဆီက အင်္ဂလန်လက်ရွေးစင်အသင်းကို ပထမဆုံးအကြိမ် ရင်ဆိုင်သွားရပါတော့မယ်။ အသက်-၃၉ နှစ်အရွယ်ရှိ ဘော်လွန်းဒီအော်ရှစ်ဆုရှင်က ကမ္ဘာ့အကြီးကျယ်ဆုံးစင်မြင့်ပေါ်မှာ အကောင်းဆုံးခြေစွမ်းပြနေသလို သူ့ကို အင်္ဂလန်အသင်း ဘယ်လိုထိန်းချုပ်သွားမလဲဆိုတာကို ပရိသတ်တွေ အဓိကအာရုံစိုက်နေကြပါတယ်။

"မက်ဆီဆိုတာ ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးကစားသမားစာရင်းဝင်ဖြစ်လို့ လူတိုင်း သူ့အကြောင်းပဲ ပြောနေကြမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့အရည်အသွေးမြင့်ကစားသမားတွေကိုလည်း လျှော့တွက်လို့ မရပါဘူး" လို့ ပစ်ဖို့ဒ်က ဝန်ခံပါတယ်။ "တိုက်စစ်၊ ခံစစ်၊ စည်းလုံးမှု အားလုံး ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ဒါတွေကို ဗုဒ္ဓဟူးနေ့ပွဲစဉ်မှာ သက်သေပြသွားဖို့ လိုအပ်ပါတယ်"

"နောက်ပြီး မက်ဆီတစ်ဦးတည်းအကြောင်းပဲ ပြောနေလို့လည်း မရပါဘူး။ အာဂျင်တီးနားက လက်ရှိချန်ပီယံဖြစ်သလို တကယ့်ကိုတောင့်တင်းတဲ့အသင်းလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာလည်း တိုက်စစ်ပိုင်းကစားသမားကောင်းတွေ အများကြီးရှိသလို ခံစစ်ကိုလည်း ထိုးဖောက်ထွက်ဖို့ ခက်ပါတယ်။ ကျွန်တော်တို့မှာ ဇွဲလုံလခံနိုင်ရည်ရှိတယ်၊ စည်းလုံးတယ်၊ စိတ်ဓာတ်ပိုင်းလည်း အားကောင်းပါတယ်။ ဒါတွေက အသင်းကောင်းတစ်ခုရဲ့ လက္ခဏာတွေပါပဲ" လို့ သူက ဆိုပါတယ်။

အခုပွဲစဉ်က နှစ်ပေါင်း ၂၀ ကျော်အတွင်း အင်္ဂလန်နဲ့ အာဂျင်တီးနားတို့ ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့မှု ဖြစ်ပါတယ်။ ဒီနှစ်ငံနှစ်ခုအကြား သမိုင်းကြောင်းမှတ်တမ်းတွေအရ အရှိန်အဟုန်ပြင်းထန်တဲ့ ပွဲစဉ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

အင်္ဂလန်ဂိုးသမားက "ကမ္ဘာ့အကောင်းဆုံးအသင်းလေးခု ဆီမီးဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံကြတယ်ဆိုတော့ တကယ့်ကို ပွဲကြီးပွဲကောင်းဖြစ်လာပါလိမ့်မယ်။ ပရိသတ်တွေရဲ့အားပေးမှုလည်း တကယ်ကောင်းမွန်နေနိုင်သလို ကျွန်တော်တို့လည်း ဒီအခိုက်အတန့်ကို ပျော်ပျော်ပါးပါးရင်ဆိုင်သွားပါမယ်" လို့ ဆက်ပြောပါတယ်။

"ဘယ်ပြိုင်ဘက်ပဲဖြစ်ဖြစ် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေသလို အနိုင်လည်း ယူချင်ပါတယ်။ အာဂျင်တီးနားကလည်း ကျွန်တော်တို့ကို နိုင်ချင်မှာပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့က အကောင်းဆုံးခြေစွမ်းပြပြီး သူတို့ကို အနိုင်ယူသွားဖို့ပဲ လိုပါတယ်"

"ပွဲစဉ်တိုင်းခက်ခဲမယ်ဆိုတာ သိပါတယ်။ ဘယ်ပွဲစဉ်ကိုမှ ပေါ့ပေါ့တန်တန်သဘောမထားသလို လျှော့လည်း မတွက်ပါဘူး။ ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံနဲ့ သူတို့ကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါတယ်" လို့ ပစ်ဖို့ဒ်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။