မန်စီးတီးရဲ့ လက်ရှိကစားသမားအများအပြားကို အရောင်းစာရင်းတင်ဖို့ပြင်ဆင်နေတဲ့ မာရက်စ်ကာ
မန်စီးတီးအသင်းဟာ ကစားသမားတွေကို အသင်းပြောင်းရွှေ့နိုင်ဖို့အတွက် အသင်းအတွင်းမှာပဲ ကစားမယ့် ပွဲစဉ်တစ်ပွဲကို တခြားကလပ်အသင်းတွေ လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
ဂန္ထဝင်နည်းပြ ပက်ဂွာဒီယိုလာရဲ့ နေရာမှာ မာရက်စကာက အစားထိုးဝင်ရောက်လာတာကြောင့် လာမယ့်ရာသီဟာ မန်စီးတီးသမိုင်းတစ်လျှောက် အရေးအကြီးဆုံး ရာသီတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။
သတင်းထောက် အလန်နစ်ဆင်ရဲ့ အဆိုအရ မန်စီးတီးဟာ ဒီနွေရာသီမှာ ကစားသမား အမြောက်အမြားကို ရောင်းထုတ်ဖို့ ဒါမှမဟုတ် အငှားချဖို့ ကြိုးပမ်းနေတာပါ။ အင်္ဂါနေ့ (ဇူလိုင် ၁၄ ရက်) မှာ ကစားမယ့် အသင်းတွင်း ခြေစမ်းပွဲမှာ ကစားသမား ၂၅ ဦးအထိ ပါဝင်ကစားမှာဖြစ်ပြီး အဲဒီပွဲကို လာရောက်ကြည့်ရှုဖို့ ယူကေနဲ့ ဥရောပတစ်လွှားက ကလပ်အသင်းတွေကို ဖိတ်ကြားထားတယ်လို့ နားလည်ရပါတယ်။
ဒီပွဲစဉ်ဟာ စိတ်ဝင်စားတဲ့ ကလပ်အသင်းတွေအနေနဲ့ မန်စီးတီးရဲ့ အကောင်းဆုံး လူငယ်ကြယ်ပွင့်အချို့ကို အနီးကပ် စောင့်ကြည့်နိုင်မယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်လာပါလိမ့်မယ်။
မန်စီးတီးအတွက် ၆ ပွဲ ကစားပေးခဲ့ဖူးပြီး ပြီးခဲ့တဲ့ရာသီ ဒုတိယပိုင်းမှာ လက်စတာအသင်းဆီ အငှားသွားရောက်ကစားခဲ့တဲ့ ဒီဗိုင်းမူကာဆာဟာလည်း အဆိုပါပွဲမှာ ပါဝင်ကစားဖို့ ရှိနေသူတွေထဲက တစ်ဦးဖြစ်ပါတယ်။
အင်္ဂလန်ကြယ်ပွင့်ဟောင်း အီမေးလ်ဟက်စကီးရဲ့ သားတွေဖြစ်တဲ့ ဂျေဒန်နဲ့ ရေဂန်ဟက်စကီးတို့ဟာလည်း လူငယ်နောက်ခံလူ မက်စ်အလန်းနဲ့အတူ ပါဝင်ကစားကြမှာပါ။ ဒါ့အပြင် စပိုက်ဘရစ်၊ ချာလီဂရေးနဲ့ လူတန်တောင်းအသင်းမှာ အငှားသွားကစားခဲ့တဲ့ အီဆာကာဘိုရေးတို့လည်း ပါဝင်လာနိုင်ပါတယ်။
အသင်းမှာ နေရာမရတော့ဘဲ အငှားကနေ ပြန်လည်ရောက်ရှိလာတဲ့ ဂျက်ဂရီးလစ်ရှ်နဲ့ ကယ်လ်ဗင်ဖီးလစ်တို့ ပါဝင်ကစားခြင်း ရှိ၊ မရှိကိုတော့ အခုထက်ထိ သတင်းတစ်စုံတစ်ရာ မထွက်ပေါ်သေးပါဘူး။