အီတလီလက်ရွေးစင်နည်းပြအဖြစ် လျာထားသူစာရင်းထဲမှာ ဂွါဒီယိုလာ ပါဝင်လာ
မန်စီးတီးနည်းပြဟောင်း ပက်ဂွါဒီယိုလာဟာ အီတလီအသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့အတွက် လျာထားတဲ့စာရင်းထဲမှာ ပါဝင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို သုံးကြိမ်ဆက်တိုက် ဝင်ခွင့်မရခဲ့ပြီးနောက် နည်းပြ ဂျန်နာရို ဂတ်တူဆို ရာထူးကနေ ထွက်ခွာသွားတာကြောင့် အီတလီအသင်းဟာ နည်းပြသစ်တစ်ဦးကို ရှာဖွေနေတာ ဖြစ်ပါတယ်။
အေစီမီလန်နောက်ခံလူဟောင်း ပါအိုလို မာလ်ဒီနီကို အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) ရဲ့ နည်းစနစ်ဒါရိုက်တာသစ်အဖြစ် အခုအခါ ခန့်အပ်လိုက်ပြီး လက်ရွေးစင်အသင်းကို ရှေ့ဆက်ဦးဆောင်ပေးနိုင်မယ့်သူကို ရှာဖွေဖို့ တာဝန်ပေးထားပါတယ်။
Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ မန်စီးတီးနည်းပြဟောင်း ဂွါဒီယိုလာဟာ အန်တိုနီယို ကွန်တီ၊ ရောဘတ်တို မန်ချီနီတို့နဲ့အတူ နည်းပြသစ်စာရင်းရဲ့ ထိပ်တန်းမှာ ပါဝင်နေတာပါ။
အချိန်တိုင်းရဲ့ အကောင်းဆုံးနည်းပြတစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ အသက် ၅၅ နှစ်အရွယ် ဂွါဒီယိုလာဟာ မန်စီးတီးမှာရှိစဉ်အတွင်း ပရီမီယာလိဂ်ဖလား ၆ ကြိမ်၊ FA ဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတို့အပါအဝင် အခြားဆုဖလားများစွာကို အံ့အားသင့်ဖွယ် ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဂွါဒီယိုလာဟာ အီတလီနည်းပြအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ကျန်တဲ့နည်းပြနှစ်ဦးထက်စာရင် လစာငွေ ပိုမိုတောင်းဆိုဖွယ် ရှိနေပါတယ်။