စပိန်ကြယ်ပွင့်ယာမယ်လ်ကို ဘယ်လ်ဂျီယံအသင်း ဘယ်လိုတားဆီးသွားမလဲဆိုတာ ဖွင့်ဟလာတဲ့ ကော်တိုရစ်
စပိန်နဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ယာမယ်လ်ကို ဘယ်လ်ဂျီယံအသင်း ဘယ်လိုနည်းလမ်းနဲ့ တားဆီးသွားနိုင်မလဲဆိုတာ ကော်တိုရစ်က ရှင်းပြလိုက်ပါတယ်။
ယာမယ်လ်က ဆော်ဒီနဲ့အုပ်စုပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့လို့ ဂါဗီရဲ့နောက်၊ စပိန်လက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
ကော်တိုရစ်က လာလီဂါမှာကစားချိန် ဒီစပိန်လူငယ်ကြယ်ပွင့်နဲ့ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ဖူးလို့ ယာမယ်လ်ကို ဘယ်လိုတားဆီးနိုင်မလဲဆိုတဲ့ သူ့ရဲ့ယူဆချက်ကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
"ယာမယ်လ်ကတော့ ယာမယ်လ်ပါပဲ၊ သူက တစ်ဦးချင်းကျော်ဖြတ်တဲ့နေရာမှာ အရမ်းကောင်းတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူက အရမ်းမြန်သလို အရမ်းလည်း ဖျတ်လတ်တယ်။ ကစားသမားနှစ်ဦးလောက်ကို ကျော်ဖြတ်နိုင်ရုံတင်မကဘဲ ဂိုးဖန်တီးမှုတွေလည်း လုပ်ပေးနိုင်ပါတယ်" လို့ သူက ဆိုပါတယ်။
"အဓိကကတော့ သူ့ကို လူကပ်ပြီး အနီးကပ်စောင့်ကြည့်သွားရပါမယ်။ ကျွန်တော်တို့ရဲ့ကစားသမားနှစ်ဦးလောက် ဝိုင်းဝန်းတားဆီးမယ်ဆိုရင်တော့ သူ့ကို ဟန့်တားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ သူက ကြယ်ပွင့်တစ်ဦးဖြစ်သလို တကယ်ကောင်းတဲ့ကစားသမားဖြစ်လို့ သူ့ကို တားဆီးဖိုဆိုတာ တကယ်ကို ခက်ခဲပါတယ်" လို့ ကော်တိုရစ်က ရှင်းပြပါတယ်။
ဘယ်လ်ဂျီယံက ၁၆ သင်းရှုံးထွက်အဆင့်မှာ အိမ်ရှင်အမေရိကန်ကို ခြေစွမ်းပြအနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းလာပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ဂိုးသမားကတော့ စပိန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို သူ့အသင်းအတွက် ပိုမိုခက်ခဲတဲ့စိန်ခေါ်မှု ဖြစ်လာလိမ့်မယ်လို့ ယူဆနေပါတယ်။
"ကျွန်တော့်အတွက်တော့ ထူးခြားတဲ့ပွဲစဉ်တစ်ခုပါ" လို့ သူက ပြောပါတယ်။ "ကျွန်တော်တို့အတွက်တော့ ခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်သလို စပိန်အသင်းအနိုင်ရရှိဖို့ ရေပန်းစားနေတာ သိသာလွန်းပါတယ်"
"ခြေစမ်းပွဲစဉ်တွေမှလွဲလို့ အခုလိုပြိုင်ပွဲကြီးတစ်ခုမှာ စပိန်နဲ့ ပထမဆုံးအကြိမ်ရင်ဆိုင်ရတယ်ဆိုတာ ထူးခြားတဲ့အခိုက်အတန့်တစ်ခုပါပဲ။ အခုတစ်ခါတော့ ကျွန်တော့်ကို အားမပေးတော့ဘူးဆိုတဲ့ သတင်းစကားတွေလည်း အများကြီးရရှိထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါ တကယ်ကောင်းပါတယ်။ ကျွန်တော်တို့အသင်းအနိုင်ရရှိအောင် အစွမ်းကုန်ကြိုးစားသွားပါမယ်"
"တကယ့်ကို ခက်ခဲတဲ့ တာဝန်တစ်ခုဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဒါက ဘောလုံးပွဲပါ၊ ဘာမဆိုဖြစ်သွားနိုင်ပါတယ်" လို့ သူက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။