မော်ရိုကိုနဲ့ ကမ္ဘာ့ဖလားပွဲစဉ်မတိုင်ခင် အိုလီစီရဲ့အဝါကတ်ပြစ်ဒဏ်အတွက် ပြင်သစ်အသင်းအယူခံကို ဖီဖာပယ်ချ
ပြင်သစ်အသင်းအဓိကကွင်းလယ်လူအိုလီစီရဲ့ အငြင်းပွားဖွယ်အဝါကတ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုမှုကို ဖီဖာက ငြင်းဆန်ပယ်ချလိုက်တယ်လို့ နည်းပြဒက်စ်ချမ့်စ်က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် အိုလီစီက မော်ရိုကိုနဲ့ရင်ဆိုင်ရမယ့် ဒီညပွဲစဉ်မှာ နောက်ထပ်အဝါကတ်တစ်ကြိမ် ထပ်ရရှိမယ်ဆိုရင် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ပါက ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်သွားရပါလိမ့်မယ်။
"အိုလီစီရဲ့အဝါကတ်ကတော့ ပြောင်းလဲမှုမရှိပါဘူး။ အဝါကတ်ကို အတည်ပြုတယ်ဆိုတဲ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်ကို ဒီမနက်ပဲ ရခဲ့ပါတယ်" လို့ ဒက်ချမ့်စ်က ဆိုပါတယ်။ ပါရာဂွေးကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၉၇ မိနစ်မှာ ပြိုင်ဘက်ကစားသမားဂါလာဇာနဲ့ အချင်းများရာမှတဆင့် အိုလီစီ အဝါတက် ပြသခံခဲ့ရပါတယ်။ ကွင်းတွင်းမှာ ဂါလာဇာလဲကျသွားပေမဲ့ ဗီဒီယိုပြန်ကြည့်ချိန် ပြိုင်ဘက်ရဲ့အင်္ကျီကို အိုလီစီဆွဲထားရုံသာရှိပြီး ဂါလာဇာကိုယ်တိုင် အလိုအလျောက်လဲကျသွားတာကို မြင်တွေ့ရပါတယ်။
အိုလီစီရဲ့ဖြစ်စဉ်က မကြာသေးခင်ရက်ပိုင်းအတွင်း ပေါ်ပေါက်ခဲ့တဲ့ အမေရိကန်တိုက်စစ်မှူးဘာလိုဂန်ရဲ့အဖြစ်အပျက်နဲ့တော့ အတော်လေးကွာခြားနေပါတယ်။ ဘာလိုဂန်ကိစ္စမှာတော့ ဒေါ်နယ်ထရမ့်ကိုယ်တိုင် ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုဆီ ဖုန်းဆက်စကားပြောခဲ့ပြီးနောက် ကစားသမားရဲ့ အနီကတ်ပြစ်ဒဏ်လွတ်မြောက်ကာ ဘယ်လ်ဂျီယံနဲ့ပွဲစဉ်ကို ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမဲ့ ဘာလိုဂန်ပါဝင်ကစားတဲ့ အမေရိကန်အသင်းကတော့ ၄-၁ ဂိုးဆိုတဲ့ ရှုံးနိမ့်မှုနဲ့အတူ ပြိုင်ပွဲမှ ထွက်ခွာသွားရပါတယ်။
အခုဆိုရင် ပြင်သစ်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲလေးကြိမ်ဆက် ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းလာပါတယ်။ ဒါကြောင့် သူတို့တွေက မော်ရိုကိုကို အနိုင်ရရှိမယ်ဆိုရင် ဂျာမနီ၊ ဘရာဇီးတို့နောက်ပိုင်း သုံးကြိမ်ဆက်ဆီမီးဖိုင်နယ်တက်ရောက်နိုင်တဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာပါလိမ့်မယ်။
ဒါပေမဲ့ နည်းပြဒက်စ်ချမ့်စ်ရဲ့သတင်းစာရှင်းလင်းပွဲမှာတော့ ပွဲစဉ်အကြောင်းထက် အမ်ဘာပေအပေါ် လူမျိုးရေးခွဲခြားစော်ကားမှု၊ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်အပေါ် စိုးရိမ်မှုတွေနဲ့ နည်းပြဘ၀အနာဂတ်အကြောင်းဆိုတဲ့ ကွင်းပြင်ပကိစ္စတွေကသာ လွှမ်းမိုးနေခဲ့ပါတယ်။ မော်ရိုကိုနဲ့လာမယ့်ပွဲစဉ်က ၂၀၂၂ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပြိုင်ဘက်ဟောင်းတွေ ပြန်လည်တွေ့ဆုံမှုဖြစ်ပြီး ပွဲစဉ်အပြီး ဆူပူမှုတွေ ပေါ်ပေါက်လာမယ့်ဖြစ်နိုင်ခြေအတွက် ပြင်သစ်နိုင်ငံအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်ထောင်နဲ့ချီ ဖြန့်ကျက်ထားပါတယ်။
အမ်ဘာပေအပေါ် ပါရာဂွေးလွှတ်တော်အမတ်ရဲ့လူမျိုးရေးခွဲခြားစော်ကားမှုတွေနဲ့ပတ်သက်ပြီး ဒက်စ်ချမ့်စ်က "အမ်ဘာပေတော့ အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ပြန်မတွေးချင်တော့ပါဘူး။ သူက စိတ်ရောကိုယ်ပါ တကယ့်ကို သန်မာလို့ မနက်ဖြန်ပွဲစဉ်ဆီပဲ အာရုံစိုက်နေပါတယ်" လို့ ပြောပါတယ်။
ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့လည်း ဒက်စ်ချမ့်စ်က "ဒါ ကျွန်တော်တို့ ထိန်းချုပ်လို့ရတဲ့ အရာ မဟုတ်ပါဘူး။ ဒိုင်တွေကို ကျွန်တော် ယုံကြည်ပါတယ်။ ဆုံးဖြတ်ချက်တချို့က ငြင်းခုံစရာ ဖြစ်နိုင်ပေမဲ့ ဒါက တစ်ဦးတစ်ယောက်ချင်းစီရဲ့အမြင်ပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်တို့ရဲ့ပြိုင်ဘက်က မော်ရိုကိုပါ၊ ဒိုင်လူကြီး မဟုတ်ပါဘူး" လို့ ဆိုပါတယ်။
အသက် ၅၇ နှစ်အရွယ်ဒက်စ်ချမ့်စ်က ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းကပ္ပတိန်အဖြစ် ဆုဖလားအောင်ပွဲ ဆွတ်ခူးနိုင်ခဲ့သလို ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နည်းပြအဖြစ် ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာအောင် ဦးဆောင်ပေးခဲ့ပါတယ်။ အသင်းကို ၁၄ နှစ်ကြာ ကိုင်တွယ်လာပြီးနောက် အခုပြိုင်ပွဲအပြီး ရာထူးမှနုတ်ထွက်မယ့်အလားအလာအပေါ် ဒက်စ်ချမ့်စ်က "စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် ဒါကို မစဉ်းစားသေးပါဘူး။ ပြီးခဲ့တဲ့ပွဲကလည်း ကျွန်တော့်ရဲ့နောက်ဆုံးပွဲ ဖြစ်သွားနိုင်တာပါပဲ။ ကျွန်တော်ရော၊ ကျွန်တော့်အဖွဲ့သားတွေပါ မနက်ဖြန်ပွဲစဉ်ကို အနိုင်ရရှိဖို့ပဲ စဉ်းစားထားပါတယ်။ အခုလောလောဆယ်တော့ မော်ရိုကိုအသင်းကို ဘယ်လိုနိုင်အောင် ကစားမလဲဆိုတာကိုပဲ အာရုံစိုက်ထားပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။