အာဂျင်တီးနားအနိုင်ရရှိအောင် ဖန်တီးထားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတဲ့ နည်းပြရဲ့အဆိုကို ထပ်တူပြုပြောကြားလာတဲ့ အီဂျစ်ကစားသမားဇီကို
အင်္ဂါနေ့၊ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ အာဂျင်တီးနားကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အီဂျစ်ဂိုးသွင်းရှင်မိုစတာဖာဇီကိုကလည်း သူ့ရဲ့နည်းပြလိုပဲ " အာဂျင်တီးနားဆီ ကမ္ဘာ့ဖလားဘက်လိုက်နေပြီ" လို့ ပြောဆိုလိုက်ပါတယ်။
ပုံမှန်ပွဲကစားချိန် နောက်ဆုံး ၁၀ မိနစ်အလိုအထိ အီဂျစ်အသင်းက နှစ်ဂိုးပြတ်ဦးဆောင်ထာနိုင်ခဲ့ပေမဲ့ ရိုမဲရိုး၊ မက်ဆီနဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့ရဲ့သွင်းဂိုးတွေကြောင့် အာဂျင်တီးနားကို အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာလာရပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်းပွဲချိန်အစောပိုင်းမှာ ဇီကိုသွင်းယူခဲ့တဲ့ဂိုးကို VAR ကြားဖြတ်ဝင်ရောက်မှုနဲ့အတူ ပယ်ဖျက်ခဲ့မှုကြောင့် အီဂျစ်အတွက် ဒေါပွစရာဖြစ်လာခဲ့ပါတယ်။
ပွဲစဉ်အပြီး အီဂျစ်အသင်းနည်းပြဟော့ဆန်ဟတ်ဆန်က "အာဂျင်တီးနားအသင်း အနိုင်ရရှိဖို့သာ ဖန်တီးထားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ"လို့ ဒေါသတကြီးဝေဖန်ခဲ့သလို ဇီကိုကလည်း သူ့ရဲ့နည်းပြလိုပဲ ထပ်တူပြုပြောကြားခဲ့ပါတယ်။
ကနေဒါရုပ်သံလိုင်း TSN နဲ့အင်တာဗျူးမှာ ဇီကိုက ဘာသာပြန်မှတစ်ဆင့် "ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက် မတရားပါဘူး။ တကယ်ကို မတရားတာ သိသာလွန်းပါတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်တွေက ကျွန်တော်တို့ရဲ့ ကြိုးစားမှုအားလုံးကို အလဟဿဖြစ်စေခဲ့ပါတယ်။ ကျွန်တော်တို့ ၂-၀ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမဲ့ ဘာမှမတတ်နိုင်ခဲ့ပါဘူး၊ အားလုံးက ဘုရားသခင်အပေါ်မှာပဲ မူတည်ပါတယ်"
"အီဂျစ်ပြည်သူတွေကို တကယ်ပဲ အားနာပြီး တောင်းပန်ပါတယ်။ လူတိုင်းကို ပျော်ရွှင်အောင် လုပ်ပေးချင်ခဲ့ပေမဲ့ ကံမပါခဲ့ပါဘူး။ အဓိကကတော့ ဒိုင်လူကြီးကြောင့်ပါပဲ။ ဒီဖလားက အာဂျင်တီးနား အနိုင်ရရှိအောင်ပဲ လမ်းခင်းပေးထားတာပါ" လို့ သူက ဆိုပါတယ်။