The network connection is lost.

Banner Image

အီဂျစ်ကို အံ့အားသင့်ဖွယ် အနိုင်ယူပြီးနောက်မှာ မျက်ရည်ကျခဲ့တယ်လို့ အာဂျင်တီးနားနည်းပြ စကာလိုနီ ဝန်ခံ

အင်္ဂါနေ့က အီဂျစ်အသင်းနဲ့ပွဲမှာ ၃-၂ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ မျက်ရည်ကျခဲ့တယ်လို့ အာဂျင်တီးနားနည်းပြ လီယွန်နယ် စကယ်လိုနီက ပြောပါတယ်။ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ နှစ်ဂိုးပြတ် ရှုံးနိမ့်နေရာကနေ ပြန်လည်အနိုင်ယူပြီး ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး စကယ်လိုနီဟာ မက်ဆီနဲ့အတူ မျက်ရည်ကျခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပွဲပြီးဖို့ ၁၁ မိနစ်အလိုအထိ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး ခရစ်စတီယန် ရိုမီရို၊ မက်ဆီနဲ့ ပွဲပြီးခါနီး အပိုအချိန်မှာ အန်ဇို ဖာနန်ဒက်စ်တို့က ဂိုးတွေသွင်းယူပေးခဲ့တာကြောင့် မြောက်အာဖရိကအသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်မယ့်အရေးကနေ လွတ်မြောက်ခဲ့တာပါ။

"ကျွန်တော်က အမြဲတမ်း စိတ်လှုပ်ရှားလွယ်တတ်သူပါ။ တစ်ခါတလေ မျက်ရည်တွေလည်း ကျလာတတ်တယ်" လို့ စကယ်လိုနီက သတင်းထောက်တွေကို ပြောပါတယ်။ "ဝတ်လဲခန်းထဲမှာလည်း မျက်ရည်ကျခဲ့ပါတယ်။ ကစားသမားလေးတွေကတောင် ကျွန်တော့်ကို 'ငိုတတ်တဲ့ကလေး' လို့ ခေါ်ကြတယ်၊ ဒါပေမဲ့ ကျွန်တော် ဂရုမစိုက်ပါဘူး။"

"ဘောလုံးလောကထဲမှာ အနှစ် ၂၀ လောက် ဖြတ်သန်းခဲ့တဲ့ ကျွန်တော်တို့အတွက် ဒီနေ့လိုမျိုး ခံစားချက်ကို ပြန်ရတာဟာ တကယ်ကို အံ့ဩစရာပါပဲ။ ဘောလုံးကစားခဲ့ဖူးတဲ့ နည်းပြအများစုဟာ အခုလို စိတ်လှုပ်ရှားမှုတွေ၊ အတွေ့အကြုံမျိုးတွေကြောင့်ပဲ နည်းပြ ဖြစ်လာကြတာလို့ ကျွန်တော် ထင်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။

အီဂျစ်အသင်းက နှစ်ဂိုးအသာနဲ့ ဦးဆောင်နေပေမဲ့လည်း ပွဲက လက်လွှတ်လိုက်ရပြီလို့ တစ်ခါမှ မခံစားခဲ့ရကြောင်း စကယ်လိုနီက ဆိုပါတယ်။

"ပွဲက ကျွန်တော်တို့ဘက်မှာ ရှိနေတယ်လို့ အမြဲခံစားခဲ့ရတယ်။ ရလဒ်ကို ခဏဖယ်ထားရင်တောင် အသင်းက ကစားပုံမဆိုးဘူးလို့ ကျွန်တော်ထင်ပါတယ်။ အခွင့်အရေးတွေလည်း ရခဲ့တယ်" လို့ ၎င်းက ပြောပါတယ်။

သိသိသာသာ တိုးတက်လာမှု
အခု အင်္ဂါနေ့က စွမ်းဆောင်ရည်ဟာ ပြီးခဲ့တဲ့အဆင့်ကထက် သိသိသာသာ တိုးတက်လာခဲ့တာဖြစ်ကြောင်း စကယ်လိုနီက အလေးပေးပြောကြားခဲ့ပါတယ်။ အာဂျင်တီးနားဟာ ကိပ်ဗာဒီအသင်းကို မိနစ် ၁၂၀ ကစားပြီးမှ ၃-၂ နဲ့ ခက်ခက်ခဲခဲ အနိုင်ရခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ အသင်းရဲ့ အားနည်းချက်တွေကို မြင်တွေ့ခဲ့ရပါတယ်။

"ကိပ်ဗာဒီနဲ့ပွဲတုန်းက ပိုဆိုးပါတယ်။ တကယ်ကို ဒုက္ခရောက်ခဲ့တာပါ။ ဒီနေ့ပွဲမှာတော့ ၂-၀ နဲ့ ရှုံးနေချိန်မှာတောင် တစ်ချိန်ချိန်မှာ အခွင့်အရေးရပြီး ပွဲကို ပြောင်းပြန်လှန်နိုင်မယ်လို့ ခံစားခဲ့ရတယ်။ ဒီနေ့မှာ ကျွန်တော်တို့ လုံးဝမတူညီတဲ့ ဘောလုံးကစားဟန်နဲ့ ကစားခဲ့တာပါ" လို့ ၎င်းက ဆိုပါတယ်။

စကယ်လိုနီဟာ အသက် ၃၉ နှစ်အရွယ် အသင်းခေါင်းဆောင် မက်ဆီကိုလည်း ချီးကျူးခဲ့ပါတယ်။ မက်ဆီဟာ ပထမပိုင်းမှာ ပင်နယ်တီ လွဲချော်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တစ်ဂိုးသွင်း၊ တစ်ဂိုး ဖန်တီးပေးပြီး အသင်းကို အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ကာ မျက်ရည်ကျနေတာကိုလည်း တွေ့ရပါတယ်။

"သူဟာ အခုလို အချိန်မျိုးတွေအတွက်ပဲ ဘောလုံးကစားနေတာလို့ ကျွန်တော် ယုံကြည်ပါတယ်။ သူ့ရဲ့ ကစားသမားဘဝ ဒီလိုအချိန်မျိုးမှာ ဒီလိုစိတ်လှုပ်ရှားမှုတွေကို ခံစားနေရတာဟာ ဖော်ပြဖို့တောင် ခက်ပါတယ်" လို့ စကယ်လိုနီက ပြောပါတယ်။

"ဒါဟာ မမေ့နိုင်စရာ အကောင်းဆုံး အချိန်တွေထဲက တစ်ခုပါပဲ" လို့ နည်းပြက ထပ်လောင်းပြောကြားခဲ့ပြီး "နောက်ပိုင်းမှာ ဘာတွေပဲဖြစ်လာပါစေ၊ ဒီအသင်းဟာ ဘယ်လောက်ပဲ အခြေအနေဆိုးနေပါစေ လက်မလျှော့ဘဲ ဆက်ပြီး ယုံကြည်ချက်ရှိနေတယ်ဆိုတာ ကျွန်တော် ခံစားမိပါတယ်" လို့ ဆိုပါတယ်။

အာဂျင်တီးနားအသင်းဟာ လာမယ့်စနေနေ့မှာတော့ ကင်းဆက်စီးတီးမြို့မှာ ဆွစ်ဇာလန် ဒါမှမဟုတ် ကိုလံဘီယာအသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။