The network connection is lost.

Banner Image

ယာမယ်လ်တစ်ယောကတည်းနဲ့ ကမ္ဘာ့ဖလားဆွတ်ခူးဖို့မဖြစ်နိုင်ဘူးလို့ စပိန်ကို အက်ဇ်လီပီကွေတာ သတိပေး

စပိန်အသင်းဟာ ၂၀၂၄ ခုနှစ် ယူရိုချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက်မှာ အခုနှစ်နွေရာသီမှာ ကျင်းပမယ့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဒုတိယအကြိမ်မြောက် ချန်ပီယံဖြစ်ဖို့ မျှော်လင့်နေပါတယ်။ လူးဝစ်ဒီလာဖွန်တေရဲ့ လူငယ်အသင်းဟာ မြူးနစ်မှာကျင်းပတဲ့ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းကို အနိုင်ယူနိုင်ခဲ့တာကြောင့် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ အောင်မြင်မှုတွေ ဆက်တိုက်ရယူခဲ့တဲ့ စပိန်အသင်းရဲ့ ရွှေရောင်ခေတ်ကို ပြန်လည်အသက်သွင်းနိုင်ဖို့ မျှော်လင့်ချက်တွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

လူငယ်ကြယ်ပွင့်ကစားသမား လာမိုင်းယာမယ်လ်ဟာ ယူရိုပြိုင်ပွဲမှာ ပြင်သစ်ကို အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အံ့အားသင့်စရာ ဂိုးတစ်ဂိုး သွင်းယူပေးခဲ့သလို၊ အခု ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ဆော်ဒီအာရေဗျကို ၄ ဂိုး - ၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာလည်း သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားသွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်ခင်မှာ လာမိုင်းယာမယ်လ်ရဲ့ ကြံ့ခိုင်မှုအပေါ် စိုးရိမ်မှုတွေ ရှိခဲ့ပေမဲ့ ဘာစီလိုနာအသင်းရဲ့ ၂၀၂၅-၂၆ ရာသီ နောက်ဆုံးပွဲစဉ်တွေကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရတဲ့ အသက် ၁၈ နှစ်အရွယ် ကစားသမားလေးဟာ အခုအခါမှာတော့ ကြံ့ခိုင်မှုအပြည့်အဝ ပြန်ရနေပြီလို့ လူးဝစ်ဒီလာဖွန်တေက ယုံကြည်မှုရှိနေပါတယ်။

လာမိုင်းယာမယ်လ်အနေနဲ့ အသင်းကို ကမ္ဘာ့ဖလားဆုရအောင် ဦးဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်တွေ အလွန်မြင့်မားနေပေမဲ့ စပိန်လက်ရွေးစင်ကစားသမားဟောင်း ဆီဆာ အက်ဇ်ပီလီကွေတာကတော့ သူတို့အသင်းရဲ့ ကျောနံပါတ် ၁၉ အပေါ်မှာပဲ အာရုံစိုက်မှုတွေ အရမ်းများနေမှာကို စိုးရိမ်နေပါတယ်။

"လူတွေက စပိန်အသင်း ကမ္ဘာ့ဖလားရနိုင်ခြေအကြောင်း ပြောကြရင် လာမိုင်းယာမယ်လ်ဟာ အဓိကသော့ချက်လို့ပဲ ထောက်ပြကြတာပေါ့။ ဒါပေမဲ့ ကမ္ဘာ့ဖလားကို တစ်ယောက်တည်းနဲ့တော့ ဆွတ်ခူးလို့မရပါဘူး။ အထူးသဖြင့် အခုပြိုင်ပွဲက ပွဲစဉ်တွေ ပိုများလာသလို၊ ရှုံးထွက်အဆင့်တွေမှာ အချိန်ပိုတွေ ကစားရနိုင်တာ၊ ရာသီဥတုက ပူပြင်းတာနဲ့ ခရီးဝေးတွေ သွားရတာတွေလည်း ရှိနေလို့ပါ" လို့ သူက BBC Sport ကို ပြောပါတယ်။

"လူးဝစ်ဒီလာဖွန်တေအတွက် အရေးကြီးတာက လာမိုင်းယာမယ်လ်နဲ့အတူ လာမယ့်တစ်လတာအတွင်းမှာ အသုံးပြုနိုင်မယ့် ကစားသမားအင်အား ပြည့်စုံဖို့ပါပဲ။ ယူရို ၂၀၂၄ တုန်းကလည်း သူဟာ ကစားခဲ့တဲ့ ၇ ပွဲအတွင်းမှာ ဂိုးသမားမဟုတ်တဲ့ ကစားသမား ၂၃ ယောက်လုံးကို အသုံးပြုခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း လူတိုင်းက အဆင်သင့်ဖြစ်နေဖို့ လိုပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။

စပိန်အသင်းအနေနဲ့ သူတို့ရဲ့ ပထမဆုံးရှုံးထွက်ပွဲစဉ်မှာ သြစတြီးယားအသင်းကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ၁၆ သင်းအဆင့်မှာ ခရိုအေးရှား ဒါမှမဟုတ် ပေါ်တူဂီအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီပွဲကိုတော့ ဇူလိုင်လ ၆ ရက်နေ့မှာ တက္ကဆပ်ပြည်နယ်၊ အာလင်တန်မြို့မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။