ကမ္ဘာ့ဖလားကနေထွက်ခဲ့ရပေမဲ့ ဂျာမနီအသင်းကို ပြန်လာခဲ့တဲ့အပေါ် နောင်တမရဘူးလို့ နူအာပြော
ဂျာမနီဝါရင့်ဂိုးသမား မန်နူရယ်နူအာက ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်မှာ ပါရာဂွေးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးပြီးထွက်ခဲ့ရပေမဲ့ အနားယူရာကနေ ပြန်လာခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် နောင်တမရဘူးလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
အသက် ၄၀ အရွယ် နူအာက နိုင်ငံအတွက် ပြန်ကစားပေးဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ အစောကြီးအိမ်ပြန်ခဲ့ရတာကြောင့် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။
ဒါပေမဲ့ နူအာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထအကြိမ်မြောက် ပါဝင်ခွင့်ရခဲ့တာကို ဂုဏ်ယူမိပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုပဲ ချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Instagram မှာ နူအာက “နိိုင်ငံအတွက်အခုလိုကစားပေးရတာက အမြဲဂုဏ်ယူစရာပါပဲ။ ကမ္ဘာ့ဖလားကနေ အစောကြီး ထွက်ခဲ့ရတာကတော့ တကယ်စိတ်ပျက်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့ မျှော်လင့်ထားသလောက် မစွမ်းဆောင်နိုင်ခဲ့သလို ဒီထက်ပိုတဲ့အဆင့်အထိ တက်လှမ်းသင့်တာပါ။ အခုလို အဆုံးသတ်သွားတာကတော့ တကယ်နာကျင်ရပါတယ်။
ဂျာမနီအတွက် နောက်တစ်ကြိမ် ကစားပေးဖို့ ကျွန်တော် သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာပါ။ ပထမအချက်ကတော့ လက်ရွေးစင်အသင်းဂျာစီကို ဝတ်ရတာက ကျွန်တော့်အတွက် အမြဲတမ်း တကယ့်ကို ဂုဏ်ယူစရာ ဖြစ်လို့ပါ။ ဒုတိယအချက်ကတော့ အသက် ၄၀ အရွယ်၊ ကမ္ဘာ့ဖလား ၄ ကြိမ် ကစားဖူးတဲ့ အတွေ့အကြုံနဲ့ လူငယ်ကစားသမားတွေကို ကွင်းထဲမှာရော ကွင်းပြင်မှာပါ အကောင်းဆုံး ပံ့ပိုးပေးချင်သလို ဂျာမန်ဘောလုံးလောကကိုလည်း ကူညီချင်လို့ပါ။
ခါးသီးတဲ့အဆုံးသတ်နဲ့ ကြုံခဲ့ရပေမဲ့ ဒီဆုံးဖြတ်ချက်အပေါ် တစ်စက္ကန့်လေးတောင် နောင်တမရပါဘူး။ ကျွန်တော့်ရဲ့ စိတ်ပျက်မှုကို စကားလုံးနဲ့ ဖော်ပြလို့ မရပေမဲ့ တကယ်ကျေးဇူးတင်မိပါတယ်။ နှစ်ပေါင်းများစွာကတည်းကရော ဒီပြိုင်ပွဲတစ်လျှောက်လုံးမှာပါ အားပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။