The network connection is lost.

Banner Image

လိုင်ယွန်အသင်းရဲ့အဓိကရှယ်ယာရှင်ဖြစ်လာတဲ့ လက်ရှိဥက္ကဋ္ဌမီရှဲလ်ကန်

ပြင်သစ်လီဂူးဝမ်းကလပ်အသင်းဖြစ်တဲ့ လိုင်ယွန်ရဲ့ပိုင်ရှင်ဟောင်း Eagle Football Group(EFG)က အသင်းရဲ့အဓိကရှယ်ယာရှင်အဖြစ် အမေရိကန်အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်မီရှဲလ်ကန်ကို သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း လိုင်ယွန်အသင်းကို ဦးဆောင်ခဲ့တဲ့ မစ်ရှဲလ်ကန်က ကလပ်အသင်းရဲ့ ရှယ်ယာ ၈၇ဒဿမ၇၈ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာသန်း ၃၀ ဖြင့် ဝယ်ယူခဲ့တယ်လို့ EFG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူမဝယ်ယူခဲ့တဲ့ရှယ်ယာတွေကတော့ တရားစီရင်ရေးဆိုင်ရာစီမံခန့်ခွဲမှုအောက်ရှိနေတဲ့ Eagle Bidco ကိုင်ဆောင်ထားတဲ့ EFG ရဲ့ ရှယ်ယာအားလုံးကို ကိုယ်စားပြုပါတယ်။

"ဒီသဘောတူညီမှုကို အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့လို့ တကယ်ကို ဂုဏ်ယူမိပါတယ်" လို့ မီရှဲလ်ကန် က ကလပ်အသင်းဌာနချုပ်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ လိုင်ယွန်အသင်းကို ထိပ်တန်းလိဂ်မှာ ဆက်လက်ကစားစေဖို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်၊ ဘဏ္ဍာရေးဆိုင်ရာထိန်းသိမ်းကြပ်မတ်မှုအဖွဲ့ရဲ့ခွင့်ပြုချက် အတည်ပြုပြီးနောက် အခုလိုသဘောတူညီမှု အကောင်အထည်ဖော်လာခဲ့တယ်လို့လည်း သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

လိုင်ယွန်အမျိုးသမီးအသင်းကိုလည်း ပိုင်ဆိုင်ထားတဲ့ အသက် ၆၇ နှစ်အရွယ်မီရှဲလ်ကန်က အင်္ဂါနေ့မှာ ဘဏ္ဍာရေးဆိုင်ရာထိန်းသိမ်းကြပ်မတ်မှုအဖွဲ့ဆီ အသင်းလွှဲပြောင်းရယူမယ့် စီမံကိန်းအကြောင်း တင်ပြခဲ့ပါသေးတယ်။

"ရှယ်ယာရှင်ချေးငွေယူရို ၃၁ သန်း (ဒေါ်လာ ၃၅ဒဿမ၃ သန်း)ရဲ့ ပထမဆုံးအရစ်ကျငွေကို OL Group ဆီ ပေးအပ်ထားပြီးဖြစ်ကာ လာမယ့်ဘောလုံးရာသီနှစ်ခုအတွင်း ယူရို ၇၁ သန်းအထိ ဆက်လက်ပံ့ပိုးပေးသွားဖို့ ကတိပြုထားပါတယ်" လို့ EFG ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မီရှဲလ်ကန်က "ဒီသဘောတူညီမှုမှာ OL Group က Eagle ရဲ့ လက်အောက်ခံကုမ္ပဏီတွေအပေါ် ပေးဆပ်ရန်ရှိတဲ့ ကြွေးမြီတွေအားလုံး ကင်းလွတ်ခွင့်ရရှိသလို ယူရို သန်း ၂၃၀ ကျော်အထိ လျှော့ချပေးနိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။

မီရှဲလ်ကန်က အတိတ်မှာ အနည်းစုရှယ်ယာရှင်တစ်ဦးအဖြစ် လိုင်ယွန်အမျိုးသားအသင်းရဲ့ဥက္ကဋ္ဌတာဝန်ကို ယူထားခဲ့ပါတယ်။

Eagle Football Group က ပြီးခဲ့တဲ့မတ်လအတွင်း တရားစီရင်ရေးဆိုင်ရာစီမံခန့်ခွဲမှုလက်အောက် ကျရောက်သွားခဲ့ပြီး ဥက္ကဋ္ဌဟောင်းဂျွန်တက်စ်တာကို အသင်းရဲ့ခေါင်းဆောင်ပိုင်းတာဝန်မှ ထိထိရောက်ရောက်ဖယ်ရှားခဲ့ပါတယ်။

အမေရိကန်ရှိ Washington Spirit နဲ့ အင်္ဂလန်အခြေစိုက် Landon City Lionesses အမျိုးသမီးအသင်းတွေကို ပိုင်ဆိုင်ထားတဲ့ မီရှဲလ်ကန်က ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ဂျွန်တက်စ်တာရဲ့နေရာကို အစားထိုးဝင်ရောက်လာခဲ့ပါတယ်။

လိုင်ယွန်အသင်းက ပြီးခဲ့တဲ့လပိုင်းအတွင်း၊ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့တန်းဆင်းပြစ်ဒဏ်ကို အယူခံဝင်ရာမှာ အနိုင်ရရှိခဲ့ပေမဲ့ အခုဘောလုံးရာသီအတွက် လုပ်ခလစာပမာဏနဲ့ အပြောင်းအရွှေ့ဘတ်ဂျက်တွေကို လျှော့ချပေးခဲ့ရပါတယ်။

ဂျွန်တက်စ်တာက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လိုင်ယွန်အသင်းကို ကာလရှည်ပိုင်ဆိုင်ခဲ့တဲ့ ဂျင်းမိုက်ကယ်အူလက်စ်ဆီမှ အဓိကရှယ်ယာရှင်ရာထူးကို လွှဲပြောင်းရယူခဲ့ပါတယ်။ ဂျင်းမိုက်ကယ်အူလက်စ်လက်ထက်မှာ အသင်းက ၂၀၀၂ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ လီဂူးဝမ်းချန်ပီယံဆုကို ခုနစ်ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မစ်ရှဲလ်ကန်လက်အောက်မှာလည်း လိုင်ယွန်အသင်းက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ လီဂူးဝမ်းပြိုင်ပွဲမှာ အမှတ်ပေးဇယားစတုတ္ထနေရာရရှိပြီး ချန်ပီယံလိဂ်ပြိုင်ပွဲခြေစစ်ပွဲဝင်ခွင့်အတွက် သေချာသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လမှာ ဂျွန်တက်စ်တာက ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့အနည်းစုရှယ်ယာတွေကို ရောင်းချခဲ့ပေမဲ့ EFG မှတစ်ဆင့် ဘယ်လ်ဂျီယံကလပ် RWDM ဘရပ်ဆဲလ် နဲ့ ဘရာဇီးလ်ကလပ် ဘိုတာဖိုဂိုတို့ကိုတော့ ဆက်လက်ပိုင်ဆိုင်ထားပါတယ်။