The network connection is lost.

Banner Image

ကူရာကာအိုကို ဂိုးပြတ်အနိုင်ယူပြီးနောက် ဆက်လက်ကြိုးစားသွားကြဖို့ ဂျာမနီအသင်းဆီ တိုက်တွန်းလိုက်တဲ့ နာဂယ်လ်စမန်း

ဂျာမနီနည်းပြနာဂယ်လ်စမန်းက တနင်္ဂနွေနေ့၊ ကမ္ဘာ့ဖလား အုပ်စု (E)ရဲ့အုပ်စုအဖွင့်ပွဲစဉ်မှာ ကူရာကာအိုအသင်းကို ၇-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိပြီးနောက် သူ့ရဲ့ကစားသမားတွေကို အောင်မြင်မှုအပေါ် မသာယာနေဘဲ ရှေ့လျှောက်ပြိုင်ပွဲခရီးလမ်းမှာ ခပ်ဝေးဝေးအထိ သွားနိုင်ဖို့အတွက် ပိုမိုခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရှိနေသေးတယ်ဆိုတဲ့အချက်ကို သတိပေးခဲ့ပါတယ်။

ဂျာမနီအသင်းက ကူရာကာအိုကို ပထမပိုင်းပွဲချိန်အတွင်း တစ်ဖက်တစ်ဂိုးစီသရေဖြစ်ခဲ့ပေမဲ့ ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ၃-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နာဂယ်စ်မန်းရဲ့အသင်းက အကောင်းဆုံးခြေစွမ်းပြသကာ ကျွန်းစုနိုင်ငံအသင်းကို လွယ်လွယ်ကူကူအနိုင်ပြီး ချန်ပီယံဆုပြိုင်ဘက်တွေဆီ သတိပေးခေါင်းလောင်း ထိုးနိုင်ခဲ့ပါတယ်။

"ပွဲစဉ်ကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး ပွဲအစ ၁၅ မိနစ်မှာဆိုရင် တကယ့်ကို အံ့ဩစရာကောင်းခဲ့ပါတယ်" လို့ နာဂယ်လ်စမန်းက ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့အတွက် ဂိုးကန်သွင်းခွင့်တွေ အများကြီး ရခဲ့ပါတယ်။ မထင်မှတ်ဘဲ ကူရာကာအိုအသင်းအတွက် ချေပဂိုးရရှိသွားပေမဲ့ ဒီအခြေအနေအပေါ် အသင်းရဲ့တုံ့ပြန်ပုံကတော့ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်"

"ကူရာကာအိုအသင်းက ဂျာမနီပြည်သူတွေ မျှော်လင့်ထားတာထက် ပိုကောင်းအောင် ကစားနိုင်ခဲ့သလို အရင်ပွဲစဉ်တွေနဲ့မတူဘဲ ရဲရဲဝံ့ဝံ့ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ခုနစ်ဂိုးအထိ သွင်းယူဖို့ဆိုတာ မလွယ်ကူလို့ ကျွန်တော်တို့ တကယ်ပဲကျေနပ်မိပါတယ်"

"ကျွန်တော်တို့တွေ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပေမဲ့ ဒီထက်မက ပိုကောင်းအောင် လုပ်ဆောင်နိုင်တဲ့အရာတွေ ရှိနေသေးသလို ပြိုင်ပွဲတစ်လျှောက် ပိုမိုခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရပါဦးမယ်" လို့ ဆက်ပြောခဲ့ပါတယ်။

နာဂယ်လ်စမန်းက ပထမပိုင်းမှာ သူ့ရဲ့အသင်း စိတ်ရှည်သည်းခံခဲ့ရပေမဲ့ ဒုတိယပိုင်းမှာ ပြသခဲ့တဲ့ ပြင်းထန်တဲ့ကစားဟန်ကိုတော့ သူတို့ရဲ့စတုတ္ထမြောက်ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့အတွက် လိုအပ်တဲ့ ပုံစံမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

"ဂျာမနီအသင်းမှာ မျှော်လင့်ချက်တွေ အများကြီးရှိနေပြီး ကူရာကာအိုအသင်းကတော့ အဲဒီလိုအခြေအနေမျိုးမဟုတ်လို့ စိတ်ဝင်စားစရာကောင်းပါတယ်။ တစ်ဖက်တစ်ဂိုးစီသရေဖြစ်နေချိန် ကျွန်တော်တို့ စိတ်ရှည်ခဲ့ရပြီး အသင်းကိုယ်တိုင်လည်း ရာနှုန်းပြည့်ပေးဆပ်ကစားချင်ခဲ့ကြပါတယ်။ ကျွန်တော်တို့တွေ မှန်ကန်တဲ့ကစားဟန်နဲ့ ကစားနိုင်ခဲ့သလို ဒီအတိုင်းဆက်သွားမယ်ဆိုရင် ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ပြိုင်ပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။

"ကျွန်တော်တို့အတွက် အခုလိုယုံကြည်မှုရစေမယ့်နိုင်ပွဲမျိုး အမှန်တကယ်လိုအပ်ခဲ့ပြီး အခုနိုင်ပွဲကြောင့် ကျွန်တော်တို့ရဲ့ယုံကြည်မှုတွေ ပိုမိုတိုးတက်လာနိုင်ပါတယ်။ အဲဒီယုံကြည်မှုက အမြဲတမ်းရှိနေခဲ့ပေမဲ့ အခုတော့ ပိုမိုတိုးတက်လာခဲ့ပါပြီ။ ဂျာမနီမှာရှိနေသူတွေဆီလည်း ကျွန်တော်တို့ စွမ်းဆောင်နိုင်တယ်ဆိုတာကို ပြသဖို့ဆိုတာ အရေးကြီးပါတယ်"

"ပွဲအပြီးမှာတော့ ဂျာမန်ပရိသတ်တွေဆီမှ 'မီးရထားမှာ ဘရိတ်မပါဘူး' ဆိုတဲ့ သီချင်းသံ ကြားခဲ့ရပါတယ်။ ကျွန်တော်တို့လည်း ဒီပြိုင်ပွဲမှာ အဲဒီအတိုင်းပဲရှေ့ဆက်ပြီးတော့ ဆက်ကြိုးစားသွားပါမယ်"လို့ နာဂယ်လ်စမန်းက ဆိုပါတယ်။

ဂျာမနီအသင်းက လာမယ့်စနေနေ့၊ တိုရွန်တိုမြို့မှာ အိုင်ဗရီကို့စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။