The network connection is lost.

Banner Image

စကော့တလန် အတွက်ပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ဆိုလာတဲ့ တိုမီနေး

စကော့တလန်အသင်းရဲ့ ကြယ်ပွင့်ကစားသမား စကော့မက်တိုမီနေးဟာ ဗိုက်အောင့်ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့အတွက် စနေနေ့မှာကစားမယ့် ဟေတီနဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ စတိဗ်ကလပ်က ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ နာပိုလီအသင်းမှာ ကစားနေတဲ့ စကော့တလန်ရဲ့ အဓိကကစားသမား မက်တိုမီနေးရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ "သူက အခြေအနေကောင်းနေသလို ကစားဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ" လို့ ကလပ်က ဆိုပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်တိုမီနေးဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေဒုတိယရရှိခဲ့တဲ့ နာပိုလီအသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ဒိန်းမတ်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အရေးကြီးတဲ့ပွဲစဉ်မှာ အံ့အားသင့်စရာ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူခဲ့ပြီးနောက်ပိုင်း သူဟာ စကော့တလန်မှာ နာမည်ကျော်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ အဲဒီနိုင်ပွဲကြောင့်လည်း စကော့တလန်အသင်းဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဝင်ခွင့်ကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဘော်စတွန်မှာကစားမယ့် အုပ်စု (C) အဖွင့်ပွဲစဉ်မတိုင်ခင်မှာ နေရာစုံကစားနိုင်တဲ့ မန်ယူအသင်းသားဟောင်းအပေါ် ဖိအားတွေ အများကြီး မပုံချချင်ဘူးလို့ နည်းပြကလပ်က ပြောပါတယ်။ "ကျွန်တော့်ဆီမှာ စူပါစတား ၂၆ ယောက်ရှိတယ်လို့ပဲ မြင်ပါတယ်။ လူတစ်ယောက်တည်းအပေါ်မှာပဲ အရာအားလုံးကို ပုံချထားတာဟာ မတရားရာရောက်ပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်အတွင်းမှာ ကျွန်တော်တို့ တည်ဆောက်ခဲ့တာတွေက အသင်းလိုက်စိတ်ဓာတ်နဲ့ အားလုံးစုပေါင်းဆောင်ရွက်မှုအပေါ်မှာပဲ အခြေခံထားတာပါ" လို့ ကလပ်က ဆိုပါတယ်။

မက်တော်မီနေးဟာ စကော့တလန်အသင်းမှာ နေရာအမျိုးမျိုးကနေ ကစားပေးခဲ့ရပေမဲ့ အခုကမ္ဘာ့ဖလားမှာတော့ တိုက်စစ်ကွင်းလယ်လူအဖြစ် ကစားရဖို့ ရှိနေပါတယ်။ "လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတော့ တုံးအတဲ့နည်းပြတချို့က သူ့ကို ဗဟိုနောက်ခံလူအဖြစ် သုံးခဲ့ဖူးပေမဲ့ သူက ဗဟိုနောက်ခံလူမဟုတ်တာတော့ ရှင်းနေတာပဲ" လို့လည်း ကလပ်က နောက်ပြောင်ပြောဆိုခဲ့ပါတယ်။
"သူ့ကို တိုက်စစ်ပိုင်းဆီ ရွှေ့လိုက်တဲ့နောက်ပိုင်းမှာ အသင်းအတွက် တကယ်ကို ကောင်းကောင်းစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ စကော့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကျေနပ်မိသလို အသင်းအတွက် အကျိုးရှိအောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကိုလည်း သိပါတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ ရလဒ်တွေရရှိဖို့ဆိုရင်တော့ သူ့လိုပဲ စွမ်းဆောင်နိုင်မယ့် တခြားကစားသမား ၁၅ ယောက်လောက်လည်း ထပ်ပြီး လိုအပ်ပါဦးမယ်" လို့ ကလပ်က ပြောပါတယ်။

စကော့တလန်အသင်းဟာ ကမ္ဘာ့အဆင့် ၇ နဲ့ ၆ ရှိတဲ့ မော်ရိုကို၊ ဘရာဇီးတို့နဲ့ ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ဖို့အတွက် အဖွင့်ပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။ စကော့တလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲနှစ်ခုစလုံးမှာ အုပ်စုအဆင့်ကနေပဲ ထွက်ခွာခဲ့ရပြီး တစ်ပွဲမှမနိုင်ခဲ့တဲ့ မှတ်တမ်းဆိုးတွေကို ချိုးဖျက်ပြီး အခုကမ္ဘာ့ဖလားကို တက်လှမ်းလာနိုင်ခဲ့တာပါ။

"ပြီးခဲ့တဲ့ ပြိုင်ပွဲနှစ်ခုမှာတော့ ကျွန်တော်တို့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေမဲ့ အခုတော့ အခွင့်အရေးတစ်ခု ထပ်ရခဲ့ပါပြီ။ အဓိကပြိုင်ပွဲကြီးတွေကို ဆက်တိုက်ဝင်ခွင့်ရအောင် ကြိုးစားခဲ့တဲ့ ကစားသမားတွေကိုလည်း ချီးကျူးချင်ပါတယ်။ အခုလိုနေရာကို ရောက်လာရတာ ကောင်းပေမဲ့ ထူးခြားတဲ့ အောင်မြင်မှုတစ်ခုခုကိုလည်း ဖန်တီးချင်ပါတယ်" လို့ ကလပ်က ပြောပါတယ်။

အသက် ၆၂ နှစ်အရွယ် ဝါရင့်နည်းပြကြီးဟာ ၂၀၁၉ ခုနှစ်ကတည်းက စကော့တလန်အသင်းကို တာဝန်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လကမှ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့သူပါ။ ပြီးခဲ့တဲ့ ၂၀၂၄ ယူရိုအဖွင့်ပွဲမှာ အိမ်ရှင်ဂျာမနီကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့တာအပါအဝင် ယူရိုပြိုင်ပွဲနှစ်ခုရဲ့ အဖွင့်ပွဲစဉ်တွေကနေ ဘာသင်ခန်းစာတွေ ရခဲ့သလဲလို့ မေးမြန်းရာမှာတော့ "ဂျာမနီနဲ့ပွဲက သင်ခန်းစာကတော့ ရှင်းပါတယ်၊ ဂိုးပြတ်အရှုံးမခံဖို့ပါပဲ" လို့ သူက နောက်ပြောင်ဖြေကြားခဲ့ပါတယ်။

"ပြိုင်ပွဲကို အဲဒီလိုပုံစံနဲ့ စတင်ခဲ့တာဟာ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အောင် လုပ်သလိုဖြစ်နေပြီး ပြိုင်ပွဲပြီးတဲ့အထိ အဲဒီစိတ်မကောင်းစရာ ခံစားချက်ကြီးက ရှိနေတတ်လို့ပါ" လို့ သူက ဆိုပါတယ်။