The network connection is lost.

Banner Image

တိုမီနေးဟာ ရော်နယ်လ်ဒိုဆီကနေ သင်ယူစရာတွေ အများကြီး သင်ယူခဲ့ရလို့ ရီးရဲလ်မက်ဒရစ်မှာ အောင်မြင်နိုင်ခြေရှိတယ်လို့ မူလ်ဂရူး အခိုင်အမာပြော

စကော့တလန် ကြယ်ပွင့်ကစားသမားဟောင်း ချာလီ မူလ်ဂရူးက တိုမီနေးရဲ့ အလားအလာတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာပါ။

အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘရာဇီးလ်အသင်းက ၃ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် နည်းပြ စတိဗ်ကလပ်ခ်ရဲ့ စကော့တလန်အသင်းဟာ အုပ်စုတတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး နောက်တစ်ဆင့်တက်ဖို့ လွဲချော်ခဲ့ရပါတယ်။

တိုမီနေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဒိန်းမတ်အသင်းနဲ့ပွဲမှာ နောက်ပြန်ကန်ချက် (bicycle kick) နဲ့ ဂိုးသွင်းယူပြီး သူ့ရဲ့နိုင်ငံကို ကမ္ဘာ့ဖလားဆီ ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ အခုပြိုင်ပွဲမှာတော့ အစပိုင်းမှာ ရုန်းကန်နေရပါတယ်။

 စီးရီးအေ ချန်ပီယံဆု၊ အကောင်းဆုံးကစားသမားဆုနဲ့ ပြိုင်ပွဲစုံ ၈၀ ပွဲမှာ ၂၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာတွေက တိုမီနေးဟာ အီတလီမြေမှာ အောင်မြင်နေတဲ့ အရည်အချင်းရှိ ကစားသမားတစ်ဦး ဖြစ်ကြောင်း သက်သေပြနေပါတယ်။ ဒါပေမဲ့ စကော့တလန်အသင်းအတွက် ခြေစွမ်းမပြနိုင်ဖြစ်နေချိန်မှာ မူလ်ဂရူးက နောက်ဆုံးရ ကမ္ဘာ့ဖလား လောင်းကစားနှုန်းထားတွေ ဖော်ပြပေးလေ့ရှိတဲ့ ဘွိုင်လီစပေါ့တ်စ် (BOYLE Sports) နဲ့ အင်တာဗျူးမှာ တိုမီနေးကို အားပေးကာကွယ် ပြောဆိုခဲ့ပါတယ်။

တိုမီနေးဟာ ဂန္ထဝင်ကစားသမား စီရော်နယ်လ်ဒိုကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာခဲ့တာကြောင့် အကျိုးကျေးဇူးတွေ အများကြီး ရရှိခဲ့ပြီး အဲဒီကနေတစ်ဆင့် နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းနိုင်ဖို့ စိတ်ကူးရခဲ့တာလို့ သူက ယုံကြည်နေပါတယ်။

"သူဟာ စကော့တလန်အတွက် အလွန်အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်သလို ပြိုင်ဘက် ဂိုးဧရိယာထဲအထိ ဝင်ရောက်ကစားနိုင်ပြီး ဝေဟင်ဘောလုံးတွေမှာလည်း အားသာချက်ရှိသူပါ။ သူဟာ စီရော်နယ်လ်ဒိုကို အနီးကပ်စောင့်ကြည့်ပြီး သင်ယူစရာရှိတာတွေကို အများကြီး သင်ယူခဲ့တယ်လို့ ကျွန်တော် ခံစားရပါတယ်။ သူနဲ့ ကျွန်တော် တိုက်ရိုက် စကားမပြောဖြစ်သေးပေမဲ့ သူ့ရဲ့ ကစားပုံကို ကြည့်ရတာ စီရော်နယ်လ်ဒိုဆီကနေ အများကြီး အတုယူထားပုံ ရပါတယ်" လို့ မူလ်ဂရူးက ဆိုပါတယ်။

အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ဒီနွေရာသီမှာ တိုမီနေးအနေနဲ့ လာလီဂါမှာလည်း အောင်မြင်နိုင်တယ်လို့ မူလ်ဂရူးက ဆက်လက်ပြောကြားခဲ့ပါတယ်။ "လောလောဆယ်မှာတော့ တိုမီနေးဟာ ရှိနေတဲ့နေရာမှာ အဆင်ပြေနေပေမဲ့ သူ ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်ကို မသွားနိုင်စရာ အကြောင်းမရှိပါဘူး။ အကယ်၍ သူသာ နာပိုလီအတွက် အကောင်းဆုံးကစားပြပြီး အရေးကြီးတဲ့ အချိန်တွေမှာ ဂိုးတွေ ဆက်သွင်းနေမယ်ဆိုရင် စပိန်ကလပ်ကြီးတွေဆီ ရောက်သွားဖို့က သဘာဝအတိုင်း ဖြစ်လာမှာပါ။ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ကျွန်တော့်အမြင်အရတော့ သူက ဘာစီလိုနာထက် ရီးရဲလ်မက်ဒရစ်နဲ့ ပိုလိုက်ဖက်မယ်လို့ ထင်ပါတယ်။

သူဟာ ဘာစီလိုနာထက် ရီးရဲလ်မက်ဒရစ် ကစားသမားတစ်ဦးနဲ့ ပိုတူပေမဲ့ ဘောလုံးလောကမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ အကယ်၍ သူ အဲဒီကို ရောက်သွားခဲ့ရင်တောင် ကျွန်တော် အံ့သြမှာ မဟုတ်ပါဘူး" လို့ ပြောခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း ဒီနွေရာသီမှာ တိုမီနေးကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စဉ်းစားနေပေမဲ့ စကော့တလန် အိုင်ကွန်ကစားသမားဖြစ်တဲ့ သူကတော့ ပျော်ရွှင်နေတဲ့ နာပိုလီကနေ ထွက်ခွာဖို့ အလားအလာ နည်းပါးနေပါတယ်။