The network connection is lost.

Banner Image

ကမ္ဘာ့ဖလားအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားလာတဲ့ အလီဆင်

ဘရာဇီးဂိုးသမား အလီဆင် ဘက်ကာက ၎င်းတို့နိုင်ငံဟာ ကမ္ဘာ့ဖလားရဖို့ ရေပန်းစားနေတဲ့အသင်းတွေထဲမှာ မပါဝင်ဘူးလို့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဖလားရနိုင်ခြေရှိတယ်လို့ အထင်ခံရတာဟာ ထူးခြားတဲ့ အားသာချက် မရှိကြောင်းနဲ့ အသင်းရဲ့ အခွင့်အရေးအပေါ် ယုံကြည်မှုအပြည့် ရှိနေဆဲဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လတ်တလောမှာ ဒဏ်ရာတွေ ဆက်တိုက်ဆိုသလို ရရှိနေတဲ့ လီဗာပူးဂိုးသမား အလီဆင်က နယူးဂျာစီမှာရှိတဲ့ ဘရာဇီးအသင်းတည်းခိုရာ ဟိုတယ်က သတင်းစာရှင်းလင်းပွဲမှာ ၎င်းရဲ့ တတိယမြောက် ကမ္ဘာ့ဖလားကို ကစားဖို့အတွက် ကြံ့ခိုင်မှု ရာနှုန်းပြည့် ရှိနေပြီလို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ်နဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားတို့လို တခြားအသင်းတွေက ပိုပြီး ပြင်ဆင်မှုကောင်းတယ်လို့ အမြင်ခံနေရတဲ့ ဘရာဇီးအသင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းမှုကိုတော့ အသက် ၃၃ နှစ်အရွယ် ဂိုးသမားက ရေပန်းစားတဲ့အသင်း ဖြစ်နေတာဟာ "ဘယ်သူ့အတွက်မှ အာမခံချက် မဟုတ်ဘူး" လို့ ပြောခဲ့သလို အသင်းအပေါ် ဖိအားတွေ ပိုတိုးလာစေတယ်လို့ ဆိုပါတယ်။

"တကယ်အရေးကြီးတာက ပထမဆုံးပွဲစဉ်မှာ ဘယ်လိုအခြေအနေမျိုး ရှိနေမလဲဆိုတာပါပဲ။ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ" လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် တောင်အမေရိကဇုန် ခြေစစ်ပွဲတွေမှာ ဘရာဇီးအသင်း ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေနောက်ပိုင်း အသင်းရဲ့ ဝန်းကျင်က အခြေအနေကောင်းတွေ ရှိနေတယ်လို့လည်း ဆက်ပြောပါတယ်။

ဘရာဇီးအသင်းဟာ အာဂျင်တီးနား၊ အီကွေဒေါ၊ ကိုလံဘီယာနဲ့ ဥရုဂွေးတို့ရဲ့နောက် ပဉ္စမနေရာကနေ ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ခြေစစ်ပွဲ နှစ်ပွဲမတိုင်ခင်မှာ အီတလီလူမျိုးနည်းပြ ကာလို အန်ဆယ်လော့တီကို ခန့်အပ်ခဲ့ပြီး အဆိုပါနှစ်ပွဲမှာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

"ပြီးခဲ့တဲ့ ခြေစစ်ပွဲကာလက ခက်ခဲခဲ့ပြီး ကျွန်တော်တို့ ဒါကို ကောင်းကောင်း ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အန်ဆယ်လော့တီ ရောက်လာပြီးနောက်ပိုင်း အရာအားလုံးက ပိုကောင်းလာခဲ့တယ်။ သူက အသင်းအပေါ်မှာ သြဇာညောင်းပြီး ကျွန်တော်တို့ အေးအေးဆေးဆေး အလုပ်လုပ်နိုင်ဖို့ အကောင်းဆုံး စီစဉ်ပေးပါတယ်" လို့ အလီဆင်က ဆိုပါတယ်။

အန်ဆယ်လော့တီဟာ ကမ္ဘာ့ဖလား ငါးကြိမ်ရထားတဲ့ ဘရာဇီးအသင်းနဲ့အတူ တစ်နှစ်နီးပါး ရှိနေပြီဖြစ်ပါတယ်။ သူဟာ ဘရာဇီးအသင်းရဲ့ ပထမဆုံးသော နိုင်ငံခြားသား နည်းပြဖြစ်ပြီး ရလဒ်တွေကတော့ ကောင်းလိုက်ဆိုးလိုက် ဖြစ်နေပေမဲ့ ၂၄ နှစ်အကြာမှာ ဘရာဇီးဆီ ကမ္ဘာ့ဖလား ပြန်လည်ယူဆောင်ပေးနိုင်မယ့် အဓိကသော့ချက်အဖြစ် လူအများက သူ့ရဲ့ ဦးဆောင်မှုကို ယုံကြည်နေကြပါတယ်။

ဘရာဇီးအသင်းရဲ့ ပထမဆုံးပွဲစဉ်ကို စနေနေ့မှာ နယူးဂျာစီရှိ MetLife အားကစားကွင်းမှာ မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

အသက် ၆၇ နှစ်အရွယ် နည်းပြ အန်ဆယ်လော့တီဟာ ခဏခဏ ရုန်းကန်နေရတဲ့ အသင်းရဲ့ ခံစစ်ပိုင်းကို တိုးတက်လာအောင် လုပ်ဖို့ အထူးအာရုံစိုက်နေတယ်လို့ အလစ်ဆန်က ပြောပါတယ်။

"ပေးလိုက်ရတဲ့ ဂိုးအချို့ကို ရှောင်ရှားနိုင်ခဲ့သင့်တာပါ။ ကမ္ဘာ့ဖလားက ပွဲစဉ်တိုတဲ့ ပြိုင်ပွဲဖြစ်လို့ ဒါကို ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။ အသင်းရဲ့ အရည်အသွေးကြောင့် ဂိုးသွင်းဖို့ အခွင့်အရေးတွေကတော့ အမြဲရနေမှာပါ" လို့ သူက ဆိုပါတယ်။

ကမ္ဘာ့ဖလား သုံးကြိမ်နဲ့အထက် ပါဝင်ခွင့်ရခဲ့တဲ့ ဘရာဇီးဂိုးသမား ၄ ဦးစာရင်းထဲမှာ ပါဝင်ရမယ့်အပေါ် စိတ်လှုပ်ရှားနေလားလို့ မေးမြန်းရာမှာတော့ သူက တခြားအုပ်စုတစ်ခုဖြစ်တဲ့ ချန်ပီယံအုပ်စုထဲမှာပဲ ပါဝင်ချင်တယ်လို့ ဖြေကြားခဲ့ပါတယ်။