The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု F အပေါ် ဆန်းစစ်ချက်နဲ့ ခန့်မှန်းချက်များ

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု F မှာ နယ်သာလန်၊ ဂျပန်၊ ဆွီဒင်နဲ့ တူနီးရှားတို့ ပါဝင်နေတာကြောင့် ပြိုင်ပွဲရဲ့ အကြိတ်အနယ်အရှိဆုံး အုပ်စုတွေထဲက တစ်ခု ဖြစ်ပါတယ်။

နယ်သာလန်အသင်းက အုပ်စုပထမရဖို့ ရေပန်းအစားဆုံး ဖြစ်နေပေမဲ့ ခရီးလမ်းကတော့ မချောမွေ့နိုင်ပါဘူး။ 

နယ်သာလန်က ဇွန်လ ၁၄ ရက်နေ့၊ တက္ကဆက်ပြည်နယ် အာလင်တန်မြို့က AT&T အားကစားကွင်းမှာ ဂျပန်အသင်းနဲ့ စတင်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ 

နယ်သာလန်က ၂၀၂၂ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်အထိ တက်ခဲ့သလို ယူရို ၂၀၂၄ မှာလည်း ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ 

ဒါပေမဲ့ ဂျပန်ကလည်း ကမ္ဘာ့ဖလား နောက်ဆုံး ၇ ကြိမ်မှာ ၄ ကြိမ်အထိ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သလို ရှုံးထွက်အဆင့်တွေမှာ မြင်တွေ့ရလေ့ရှိတဲ့အသင်းဖြစ်ပါတယ်။

ဆွီဒင်အသင်းမှာ အလက်ဇန္ဒားအီဆက် နဲ့ ဗစ်တာယောကရက်စ်တို့လို တိုက်စစ်မှူးကောင်းတွေရှိနေပေမဲ့ ခြေစစ်ပွဲမှာတော့ အတော်လေး ရုန်းကန်ခဲ့ရပြီး ဥရောပ ပလေးအော့ဖ်အဆင့်ကို ကံကောင်းထောက်မစွာနဲ့ တက်ရောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ 

တူနီးရှားကတော့ ကြည့်လိုက်ရင် ဒီအုပ်စုမှာ အားအနည်းဆုံးလို့ ထင်ရပေမဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုအဆင့်တုန်းက ပြင်သစ်အသင်းကိုအနိုင်ယူပြီး အံ့အားသင့်စရာရလဒ် ထွက်ပေါ်အောင် လုပ်ပြခဲ့ဖူးတဲ့အသင်းဖြစ်ပါတယ်။

အုပ်စု (F) က အသင်းများ

ဂျပန်

၈ ကြိမ်ဆက် ကမ္ဘာ့ဖလားဝင်ပြိုင်ခွင့်ရထားတဲ့ ဂျပန်က နောက်ပိုင်းနှစ်တွေမှာ ရှုံးထွက်အဆင့်ကို အကြိမ်ကြိမ်တက်လှမ်းနိုင်ခဲ့ပါတယ်။ နည်းပြဟာဂျီမေးမိုရီယာဆုက အသင်းကို ၂၀၁၈ ခုနှစ်ကတည်းက ဦးဆောင်ခဲ့တာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက စပိန်နဲ့ ဂျာမနီတို့ကို အနိုင်ယူကာ အံ့အားသင့်စရာတွေ လုပ်ပြခဲ့ပါတယ်။ အဲဒီနောက် ၁၆ သင်းအဆင့်မှာ ခရိုအေးရှားကို ပင်နယ်တီနဲ့ ရှုံးပြီး ထွက်ခဲ့ရတာဖြစ်ပါတယ်။

အဓိကကစားသမားများ - ဝါတာရုအန်ဒို၊ ဟီရိုကီအီတို၊ ကိုင်ရှူးဆာနို။

နယ်သာလန်

နယ်သာလန်မှာတော့ ဗန်ဒိုက်၊ တင်ဘာနဲ့ ဒမ်ဖရီးစ်တို့လို ထိပ်တန်းနောက်ခံလူတွေ ပါဝင်တဲ့ အကောင်းဆုံးခံစစ်ရှိနေပါတယ်။ 

ဘရာဇီးမှာ ကစားနေတဲ့ မမ်းဖစ်ဒီပေးကလည်း ဒဏ်ရာကနေ အချိန်မီ ပြန်သက်သာလာလို့ အသင်းမှာပါဝင်လာပါတယ်။ 

ဒီပေးက ဒီပြိုင်ပွဲမှာ ၃ ပွဲလောက် ကစားရုံနဲ့ နယ်သာလန်သမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားသူစာရင်းရဲ့ တတိယနေရာကို ရောက်လာမှာဖြစ်ပါတယ်။

အဓိကကစားသမားများ - ဗာဂျီဗန်ဒိုက်၊ ရိုင်ယန်ဂရာဗန်ဘက်ချ်၊ ကိုဒီဂတ်ပို

ဆွီဒင်

ချဲလ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာကိုင်တွယ်နေတဲ့ ဆွီဒင်အသင်းမှာ ပရီးမီးယားလိဂ်ဈေးအကြီးဆုံး တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ အီဆက်နဲ့ ယောကရက်စ်တို့ ပါဝင်ပါတယ်။ 

ယောကရက်စ်က ပလေးအော့ဖ်နှစ်ပွဲမှာ အသင်းသွင်းယူခဲ့တဲ့ ၆ ဂိုးထဲက ၄ ဂိုးအထိ သွင်းပေးခဲ့တာဖြစ်ပါတယ်။ 

ဆွီဒင်က ခြေစစ်ပွဲ အစောပိုင်း ၆ ပွဲမှာ တစ်ပွဲမှနိုင်ပွဲမရခဲ့ဘဲ နေးရှင်းလိဂ်ကတစ်ဆင့် ပလေးအော့ဖ်ကို ကံကောင်းလို့ တက်လာရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေရှိနေတာကတော့ အားသာချက်ဖြစ်နေပါတယ်။

အဓိကကစားသမားများ - ဗစ်တာယောကရက်စ်၊ အလက်ဇန္ဒားအီင်ဆက်၊ ဂျက်စပါးကယ်လ်စထရွမ်

တူနီးရှား

နည်းပြ ဆာဗရီလာမိုချီဟာ ၂၀၁၄ တုန်းက အိုင်ဗရီကို့စ်ကို ကိုင်တွယ်ခဲ့ဖူးလို့ ဒီပြိုင်ပွဲက သူရဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလား ဖြစ်ပါတယ်။ 

ယူနိုက်တက်လူငယ်ကစားသမားဟောင်း ဟန်နီဘယ်လ်မက်ဂျ်ဘရီက အသက် ၂၃ နှစ်ပဲ ရှိသေးပေမဲ့ လက်ရွေးစင်ပွဲပေါင်း ၄၅ ပွဲအထိ ကစားပေးထားပြီးပါပြီ။ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက တူနီးရှားဟာ ပြင်သစ်ကို အနိုင်ယူပြီး အံ့အားသင့်စရာတွေ လုပ်ပြခဲ့ဖူးပါသေးတယ်။

အဓိကကစားသမားများ - ဟန်နီဘယ်လ်မက်ဂျ်ဘရီ၊ အယ်လ်ယက်စ်စခီရီ၊ အလီအာဒီ

ခန့်မှန်းချက်

၁.နယ်သာလန်
၂.ဂျပန်
၃.ဆွီဒင်
၄.တူနီးရှား