ဂျပန်ရဲ့ ကမ္ဘာ့ဖလားကြယ်ပွင့် ကီတိုနာကာမူရာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဟားလ်စီးတီး
ပရီးမီးယားလိဂ်ဆီတန်းတက်လာတဲ့ ဟားလ်စီးတီးအသင်းက ရိမ်းစ်အသင်းကစားသမား၊ ဂျပန်လက်ရွေးစင် ကီတိုနာကာမူရာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၆ နှစ်အရွယ်ကစားသမားက အခုနွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဂျပန်အသင်းရဲ့ပွဲစဉ်အားလုံးမှာ ပွဲထွက်ပါဝင်ကစားကာ တစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ရင်း ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
နာကာမူရာက ပြီးခဲ့တဲ့ရာသီ၊ ရိမ်းစ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ဂိုးအထိ သွင်းယူပေးပြီး အသင်းရဲ့သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သလို ပေါင်ဒဏ်ရာကြောင့် မီတိုမာ မပါဝင်နိုင်ချိန် ဂျပန်အသင်းရဲ့ဦးစားပေးဘယ်တောင်ပံတိုက်စစ်မှူး ဖြစ်လာခဲ့ပါတယ်။
BBC Sport ရဲ့ ဖော်ပြချက်အရ လီဂူး-၂ ဆီ ရိမ်းစ်အသင်း တန်းဆင်းသွားပြီးနောက် တန်းတက်ဟားလ်စီးတီးက နာကူမူရာကို ခေါ်ယူဖို့ ကြိုးပမ်းလာတယ်လို့ သိရပါတယ်။
အခုလို တန်းဆင်းသွားရပေမဲ့ ရိမ်းစ်အသင်းက တောင်ပံကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၁ ဒဿမ ၅ သန်းအထိ သတ်မှတ်ထားပြီး စာချုပ်သက်တမ်းလည်း ၂၀၂၈ ခုနှစ်အထိ ရှိနေလို့ ကစားသမားကို အပူတပြင်းရောင်းချသွားဖို့ မလိုအပ်သေးပါဘူး။
ဒါပေမဲ့ အတိတ်မှာ ဘရိုက်တန်၊ အဲဗာတန်တို့နဲ့ သတင်းထွက်ပေါ်ခဲ့ဖူးတဲ့ နာကာမူရာကတော့ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
သူ့အတွက် စပိန်ကလပ် ဗီလာရီးရဲလ်နဲ့ တူရကီထိပ်သီး ဘက်ဆစ်တက်တို့ရဲ့ ပေါင် ၁၁ ဒဿမ ၅ သန်းမှ ပေါင် ၁၅ ဒဿမ ၅ သန်း အကြား ကမ်းလှမ်းမှုတွေကို ရိမ်းစ်အသင်းက ငြင်းပယ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ဆီ ပြန်လည်ရောက်ရှိလာပြီးနောက် ဟားလ်စီးတီးက အလုပ်များတဲ့ နွေရာသီကာလကို ဖြတ်သန်းခဲ့ပြီး ဂျပန်လက်ရွေးစင်ကစားသမား မိုရီတာအပါအဝင် ကစားသမားသစ် ၁၁ ဦးအထိ ခေါ်ယူအားဖြည့်ထားပါတယ်။