The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲခရီးလမ်းမှာ အမြော်အမြင်ရှိတဲ့ ဟယ်ရီကိန်းကို လိုအပ်တယ်လို့ ရွိုင်ကိန်းပြောဆို

မန်ချက်စတာယူနိုက်တက်ဂန္ထဝင် ရွိုင်ကိန်းက အခုနွေရာသီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟယ်ရီကိန်းရဲ့ အောင်မြင်မှုရရှိနိုင်ခြေတွေနဲ့ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်စူပါစတားဟယ်ရီကိန်းက နည်းပြကွန်ပနီရဲ့လက်အောက်၊ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို နောက်တစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့တဲ့ ဂျာမန်ကလပ်အသင်းအတွက် အခုဘောလုံးရာသီအတွင်း ဟက်ထရစ်လေးကြိမ်နဲ့ နှစ်ဂိုးသွင်းယူနိုင်မှုခြောက်ကြိမ်အပါအဝင် ပြိုင်ပွဲစုံ ၆၁ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်က နယူးဇီလန်၊ ကော်စတာရီကာတို့နဲ့ ခြေစမ်းပွဲတွေကစားပြီးနောက် ပူပြင်းလှတဲ့ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်ရင်း သူ့ရဲ့အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ဦးဆောင်သွားပါလိမ့်မယ်။

ဟယ်ရီကိန်းရဲ့သွင်းဂိုးဖြင့် နယူးဇီလန်ကို ၁-၀ ဂိုးနဲ့အနိုင်ယူခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲအကြိုခြေစမ်းပွဲစဉ်အပြီး ရွိုင်ကိန်းက ကြံ့ခိုင်မှုတွေ အလဟဿမဖြစ်စေဖို့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးကိုယ်တိုင် သတိထားသွားရမယ်လို့ ဖွင့်ဟခဲ့ပါတယ်။

"ဟယ်ရီကိန်းဆီမှာ အခုလိုအတွေ့အကြုံတွေရှိထားဖို့ လိုအပ်ပြီး ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းတွေကို ကစားခဲ့ရတဲ့အတွေ့အကြုံမှတဆင့် အများကြီးလေ့လာသင်ယူနိုင်ခဲ့ပါလိမ့်မယ်။"

"ကိုယ့်ရဲ့နေရာယူမှုအပေါ် အမြော်အမြင်ရှိဖို့ လိုအပ်ပါတယ်။ သွင်းဂိုးအတွက်ဆိုရင်တောင် နယူးဇီလန် ကစားသမားတွေ အများကြီးပိတ်ဆို့ထားပေမဲ့ သူက အဲဒီထဲမှာပဲ နေရာယူကစားသွားခဲ့တာပါတယ်။ ဒါ အတွေ့အကြုံကြောင့် ဖြစ်ပေမဲ့ ပြိုင်ဘက်တွေက သူ့အတွက် အခုလို နေရာလွတ်အများကြီး ပေးထားခဲ့တယ်ဆိုတာလည်း အံ့ဩစရာပါပဲ။"

"ဒါပေမဲ့ ဒီအတွေ့အကြုံတွေနဲ့အတူ သူက အမြော်အမြင်ရှိရှိ ကစားရပါလိမ့်မယ်၊ ကျွန်တော်တို့က ရာသီဥတုအခြေအနေတွေအကြောင်း ပြောနေတာပါ။ ဟယ်ရီကိန်းကိုယ်တိုင် ကွင်းလယ်စည်းအထိ ပြန်ဆင်းပြီး ဘောလုံးပေးပို့မှုတွေ လုပ်နေဖို့ မလိုပါဘူး။ အသင်းမှာ ဒါကို လုပ်နိုင်တဲ့ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ သူက အခုအချိန်မှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦး ဖြစ်နေလို့ ဂိုးဧရိယာထဲမှာပဲ ရှိနေရပါမယ်။"

"တကယ်လို့ အင်္ဂလန်အသင်းအတွက် ချန်ပီယံဆုကြီး ဆွတ်ခူးချင်တယ်ဆိုရင် ဟယ်ရီကိန်းက အဓိကကျလာပါလိမ့်မယ်" လို့ ရွိုင်ကိန်းက ဆိုပါတယ်။