ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း နွေရာသီအပြောင်းအရွှေ့တွေ ပြုလုပ်ရာမှာ အသိတရားရှိဖို့ လိုအပ်တယ်လို့ တူချယ်ပြောကြား
အင်္ဂလန်အသင်းနည်းပြသောမတ်စ်တူချယ်က ကမ္ဘာ့ဖလားပြိုင်ပွဲကြီးစတင်ချိန်မှာ ပြုလုပ်မယ့် ကစားသမားအပြောင်းအရွှေ့တွေနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။
အဲလိယက်အန်ဒါဆန်၊ မော်ဂန်ရိုဂျာစ်နဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ အခုနွေရာသီကာလ၊ အသင်းပြောင်းရွှေ့မယ့်သတင်းတွေနဲ့အတူ နောက်ခံလူဂျွန်စတုန်းစ်လည်း အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းသစ်ရှာဖွေနေပါတယ်။
အင်္ဂလန်အသင်းက လာမယ့် ၁၁ ရက်အတွင်း ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ရဖို့ရှိနေပြီး အုပ်စု (L) မှာ ခရိုအေးရှားနဲ့ အုပ်စုအဖွင့်ပွဲစဉ်ကစားဖို့ ပြင်ဆင်နေပါတယ်။
နယူးဇီလန်၊ ကော်စတာရီကာတို့နဲ့ခြေစမ်းပွဲတွေ ကစားဖို့ ပြင်ဆင်နေချိန်မှာပဲ အင်္ဂလန်အသင်းနည်းပြတူချယ်က ကစားသမားတွေရဲ့အပြောင်းအရွှေ့ပြုလုပ်မှုကို လက်ခံခွင့်ပြုသွားဖို့ရှိပေမဲ့ ပွဲစဉ်မတိုင်ခင် ၄၈ နာရီအတွင်း ဆက်သွယ်မှုတွေကို ကန့်သတ်ကာ အသင်းရဲ့အစီအစဉ်တွေနဲ့ ကိုက်ညီရမယ်လို့ သတိပေးခဲ့ပါတယ်။
"ဒါက အသိတရားနဲ့ ဆိုင်ပါတယ်။ ပွဲမစတင်မီ တစ်ရက်အလို သို့မဟုတ် ပွဲကစားမယ့်နေ့တွေမှာတော့ ဒါကို ကျွန်တော် မခွင့်ပြုနိုင်ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ မူဝါဒပါ။ ပွဲမတိုင်ခင် နှစ်ရက်အလိုအထိလည်း ဖြစ်နိုင်ပေမဲ့ စောင့်ကြည့်ရပါလိမ့်မယ်"
"ဒါပေမဲ့ အခြားအရာတွေကိုတော့ သီးသန့်၊ ထိရောက်ပြီး တိတ်တိတ်ဆိတ်ဆိတ် လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့က ကူညီပေးဖို့ အမြဲတမ်းအဆင်သင့်ရှိပါတယ်"
"ကစားသမားတစ်ဦးရဲ့အနာဂတ်အပေါ် ရှင်းရှင်းလင်းလင်းရှိစေဖို့ ကူညီပေးမှာဖြစ်ပြီး ကျွန်တော်တို့ရရှိနိုင်တဲ့ အကောင်းဆုံးအရာကလည်း အဲဒါပါပဲ။ ဒါကြောင့် တစ်ဦးဦးအတွက် အသင်းပြောင်းဖို့အခွင့်အရေးရရှိခဲ့ရင် ကျွန်တော်တို့ တားဆီးသွားမှာ မဟုတ်ပါဘူး။"
"ဒါပေမဲ့ ဒါက ပွဲစဉ်တွေအတွက် အာရုံစိုက်ပြီး ပြင်ဆင်နေရမယ့် ကျွန်တော်တို့ရဲ့အစီအစဉ်တွေ၊ ရည်မှန်းချက်တွေနဲ့ ကိုက်ညီမှု ရှိရပါမယ်။"
"လောလောဆယ်အထိ ဘယ်ကစားသမားကမှ ကျွန်တော့်ဆီ လာရောက်ဆွေးနွေးတာမျိုး မရှိသေးပေမဲ့ ကျွန်တော်တို့ရဲ့ဆေးအဖွဲ့ကတော့ ဆေးစစ်မှုတွေ ပြုလုပ်ပေးဖို့ အဆင်သင့်ပါပဲ" လို့ သူက ဆိုပါတယ်။
အင်္ဂလန်ကစားသမားတွေက ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ နွေရာသီအပြောင်းအရွှေ့ကာလတို့ရဲ့ ထပ်တူကျနေတဲ့အခြေအနေတွေကို ရင်ဆိုင်ကျော်ဖြတ်ရဖို့ရှိနေပါတယ်။