ယူနိုက်တက်အနေနဲ့ လီယာအိုကိုခေါ်ယူသင့်တယ်လို့ ဖာနန်ဒက်စ်တိုက်တွန်း
အေစီမီလန်တောင်ပံကစားသမား ရာဖေးလ် လီယာအိုအတွက် ဒီနွေရာသီမှာ ပြောင်းရွှေ့နိုင်ခြေရှိတဲ့ အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်လည်း ပါဝင်နေပါတယ်။
အီတလီမှာ ၇ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် လီယာအိုက "စိန်ခေါ်မှုအသစ်" တစ်ခုကို လိုချင်တယ်လို့ မကြာသေးခင်ကပဲ အတည်ပြုခဲ့တာကြောင့် နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ လမ်းစပွင့်လာခဲ့တာပါ။
လီယာအိုက အရင်ကတည်းက မန်ယူအသင်းအပေါ် ချီးကျူးစကားတွေ ပြောခဲ့ဖူးသလို၊ သူ့ရဲ့ပြောင်းရွှေ့ကြေးကလည်း ပေါင် ၄၃ သန်းလောက်ရှိမယ်လို့ သတင်းထွက်နေတာကြောင့် အသက် ၂၆ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ INEOS ဘက်က အမြန်ဆုံး အကောင်အထည်ဖော်လာနိုင်ပါတယ်။
ဥရောပရဲ့ အကောင်းဆုံး တောင်ပံကစားသမားတွေထဲက တစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ ပေါ်တူဂီလက်ရွေးစင်ဟာ စီရီအေထိပ်သီးကလပ်အတွက် ၂၉၁ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၁၄၅ ကြိမ်အထိ လုပ်ဆောင်ပေးထားသူပါ။
သူ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာမယ်ဆိုရင်တော့ စပို့တင်းလစ္စဘွန်းမှာ အတူတူကစားခဲ့ဖူးတဲ့ လက်ရွေးစင်အသင်းဖော် ဘရူနို ဖာနန်ဒက်စ်ကလည်း ထောက်ခံမှာ သေချာပါတယ်။ ဘရူနိုက လီယာအိုကို "ထူးချွန်တဲ့ပါရမီရှင်" လို့လည်း တင်စားထားဖူးပါတယ်။
"ကျွန်တော် သူ့ကို စပို့တင်းလစ္စဘွန်းမှာ ကလေးဘဝကတည်းက တွေ့ခဲ့တာပါ၊ သူ စီနီယာအသင်းကို တက်လာတော့ ကျွန်တော်နဲ့ အတူတူပါပဲ" လို့ ဘရူနိုက ၂၀၂၅ မှာ ပြောခဲ့ပါတယ်။ "သူဟာ တကယ်ကို ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်သလို သူ့မှာ ဘယ်လောက်အထိ အရည်အချင်းရှိလဲဆိုတာ ကျွန်တော်တို့အားလုံး သိတာကြောင့် အချိန်တိုင်း ပိုပြီး တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူ ရုန်းကန်ရတဲ့ အချိန်တွေရှိခဲ့ပေမဲ့ ကျွန်တော်တို့အတွက် တစ်ခုခု ပိုပေးနိုင်မယ့် ထူးခြားတဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ ကျွန်တော် ယုံကြည်နေဆဲပါ" လို့ ဆိုပါတယ်။
ဒီနွေရာသီမှာ လီယာအို ယူနိုက်တက်ကို ပြောင်းရွှေ့လာနိုင်ခြေမတိုင်ခင်မှာ ပေါ်တူဂီအသင်းကတော့ မြောက်အမေရိကမှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို ဒီတိုက်စစ်အတွဲအဖက်ရဲ့ အစွမ်းနဲ့ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေမှာပါ။