ဖိုဒန်ရဲ့အငြင်းပွားဖွယ်အနီကတ်ပြစ်ဒဏ်အတွက် ဘရူနိုဖာနန်ဒက်စ်ကို ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း
ရွိုင်ကိန်းက ယမန်နေ့(တနင်္ဂနွေနေ့)၊ မန်ချက်စတာဒါဘီပွဲစဉ်အတွင်း ကွင်းတွင်းမှ ဖိုဒန်ထွက်ခွာသွားရတဲ့ အငြင်းပွားစရာဖြစ်ရပ်နဲ့ပတ်သက်လို့ ဘရူနိုဖာနန်ဒက်စ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ပုတ်ခတ်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းက လက်ရှိအသင်းကပ္ပတိန်ကို အိုးထရက်ဖို့ဒ်ကွင်းမှာ ကွင်းလယ်ဒိုင်မိုက်ကယ်အိုလီဗာရဲ့ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိစေဖို့ ဟန်ဆောင်လဲကျပြခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဖိုဒန်က ကွင်းဘေးစည်းအနီးအခြေအတင်ဖြစ်မှုမှာ ဘရူနိုဖာနန်ဒက်စ်ကို ခြေဖြင့်လှမ်းကန်ခဲ့လို့ တိုက်ရိုက်အနီကတ်ပြစ်ဒဏ်နဲ့အတူ ကွင်းတွင်းမှ ထွက်ခွာလာခဲ့ရပါတယ်။
အိုင်ယာလန်ဂန္တဝင်ကစားသမားကြီးကတော့ ဒီဖြစ်ရပ်အပေါ် ဘရူနိုဖာနန်ဒက်စ်ရဲ့တုံ့ပြန်ပုံနဲ့ပတ်သက်လို့ လုံး၀သဘောမကျခဲ့ပါဘူး။
Sky Sports နဲ့တွေ့ဆုံချိန် ရွိုင်ကိန်းက " မျှမျှတတ ဆုံးဖြတ်ရမယ်ဆိုရင် ကစားသမားက ဒိုင်လူကြီးကို ဆုံးဖြတ်ချက်ချဖို့ အခွင့်အရေး ပေးလိုက်သလားလို့ မေးရပါလိမ့်မယ်။ ဖိုဒန် နည်းနည်းမိုက်မဲခဲ့ပေမဲ့ ဘရူနိုဖာနန်ဒက်စ်လည်း အလားတူပါပဲ"
"အကယ်၍ ဘရူနိုဖာနန်ဒက်စ်သာ အခုလိုဖြစ်ရပ်မျိုးနဲ့ ထုတ်ပယ်ခံရမယ်ဆိုရင် ကျွန်တော်တို့ကိုယ်တိုင်လည်း ဘရူနိုဖာနန်ဒက်စ်ကို မိုက်မဲပြီး မဆင်မခြင်လုပ်တယ်လို့ ပြောကြပါလိမ့်မယ်"
"အခုလိုမျိုး မြေကြီးပေါ်လှိမ့်နေလို့တော့ မရပါဘူး။ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ဒီထက်ပိုပြီး ကောင်းကောင်းလုပ်သင့်ပါတယ်။ လူတွေက ပွဲမှာတင်းမာမှုတွေရှိတယ်၊ ဒါက ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်တယ်လို့ ပြောကြပေမဲ့ အသင်းဖော်တွေနဲ့ ပြိုင်ဘက်ကစားသမားတွေအပေါ်မှာလည်း အလေးထားသင့်ပါတယ်။ ဖိုဒန်ရဲ့လုပ်ရပ်က အနီကတ်အထိတော့ မထိုက်တန်ဘူးလို့ ထင်ပါတယ်" လို့ ဆိုပါတယ်။