အယ်လီဂရီကို ရာထူးမှထုတ်ပယ်ပြီးနောက် ဘုန်းမောက်နည်းပြအီရာအိုလာဆီ ချဉ်းကပ်လာတဲ့ အေစီမီလန်
အေစီမီလန်အသင်းက နည်းပြအယ်လီဂရီကို ရာထူးမှ ထုတ်ပယ်ပြီးနောက် နည်းပြသစ်ရှာဖွေဖို့အတွက် အချိန်ဆွဲမနေတော့ဘဲ ဘုန်းမောက်နည်းပြအီရာအိုလာကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
အေစီမီလန်က စီးရီးအေအမှတ်ပေးဇယားပဉ္စမနေရာနဲ့ ရာသီသိမ်းကာ လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နဲ့လွဲချော်ပြီး နောက်တစ်ရက်မှာပဲ အယ်လီဂရီကို ရာထူးမှ ထုတ်ပယ်လိုက်တယ်လို့ အတည်ပြုခဲ့ပါတယ်။
Sky Sports သတင်းဌာနရဲ့ဖော်ပြချက်အရ အေစီမီလန်က အယ်လီဂရီရဲ့နေရာမှာ အစားထိုးမယ့်သူကို ခန့်အပ်ဖို့ အချိန်မဖြုန်းတော့ဘဲ အသက် ၄၃ နှစ်အရွယ်ဘုန်းမောက်နည်းပြအီရာအိုလာကို စတင်ချဉ်းကပ်နေပြီလို့ သိရပါတယ်။
အီရာအိုလာက အခုနွေရာသီကာလ၊ သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ဘုန်းမောက်မှ ထွက်ခွာမယ်လို့ အခုဘောလုံးရာသီအစောပိုင်းကာလကတည်းက ကြေညာထားခဲ့ပါတယ်။
စပိန်လူမျိုးနည်းပြက ပရီးမီးယားလိဂ်မှာ ၁၇ ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့သလို ဘုန်းမောက်ကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ယူရိုပါလိဂ်ဝင်ခွင့်ရရှိအောင်လည်း စွမ်းဆောင်ပေးထားပါတယ်။
အီရာအိုလာကို လိုချင်နေတဲ့ကလပ်အသင်းတွေ အများကြီးရှိနေပြီး အေစီမီလန်အပြင် ခရစ္စတယ်ပဲလေ့စ်၊ လေဗာကူဆင်နဲ့ စီးရီးအေပြိုင်ဘက်နာပိုလီတို့နဲ့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။